ကော့ကရိတ်မြို့က မီးမလောင်ပဲကျန်ရှိနေတဲ့ နေအိမ်အားလုံးနီးပါးဖောက်ထွင်းခံထားရ

ဧပြီလ ၃၀ရက် ၂၀၂၄

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်အတွင်းက မီးမလောင်ပဲကျန်ရှိနေတဲ့ နေအိမ်အားလုံးနီးပါးဖောက်ထွင်းခံရပြီး တန်ဖိုးကြီးပစ္စည်းတွေအပါအဝင်အိမ်အသုံးအဆောင်ပစ္စည်းတွေကိုလည်းယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နေအိမ်အတွင်းကျန်ရှိခဲ့တဲ့  တီဗွီ၊ရေခဲသေတ္တာ၊ဆိုလာ၊အိုးခွက်ပန်းကန်တွေအပါအဝင်တခြားလျှပ်စစ်ပစ္စည်းမျိုးစုံကို စစ်ကောင်စီတပ်သားတွေက  ကားနဲ့သယ်ယူတာတွေရှိသလို မြို့တွင်းကသူခိုးတွေလည်း ခိုးယူတာတွေ ရှိတယ်လို့ကော့ကရိတ်မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

“တိုက်မှန်သမျှဖောက်ခံထိတာဖွထားတာလည်းရစရာမရှိဘူး တချို့တွေဆိုလည်း မျက်မြင်တွေ့တယ် TEကားနဲ့ပစ္စည်းတွေအပြည့်သယ်သွားတာ  တွေ့တဲ့သူတောင်ဖမ်းပြီးရိုက်ခံရမှာဆိုးလို့ပုန်းရတယ်အသိတစ်ယောက်ရဲ့အိမ်ဆိုအကုန်တိုက်ချသွားတာအိမ်အခွန်ပဲကျန်တယ်”လို့သူကပြောပါတယ်။

ဒါ့အပြင် မီးမလောင်ပဲ ကျန်ရှိနေသေးတဲ့ ဆိုင်ကယ်တွေ၊မီးစက်တွေပါ ခိုးခံထားရသလို စစ်တပ်က လူရှိနေတဲ့ အိမ်တွေကိုပါ ဖောက်ထွင်းတာမျိုးတွေပြုလုပ်တယ်လို့လဲ ဆိုပါတယ်။နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကလည်း “ ဝမ်းကွဲအစ်ကိုအိမ်ကိုဝင်ဖောက်တာဆိုရင်အိမ်ရှင်ရှိရှိကြီးစိန်လက်စွပ်တစ်ကွင်း၊ဘဏ်စာအုပ်၊မှတ်ပုံတင်ထားတာတွေကိုမွှေပြီးယူသွားတာ မှတ်ပုံတင်ပြန်တောင်းတာတောင်မပေးဘူး”လို့ သူကပြောပါတယ်။

ဧပြီလ တတိယအပတ်လောက်မှာကော့ကရိတ်မြို့တွင်းစစ်တပ်နဲ့ KNLAပူးပေါင်း တပ်ဖွဲ့တို့ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ရဲ့ တပ်မ (၅၅)က မြို့တွင်းတပ်အထိုင်ပြန်ချချိန် အခုလိုမျိုးလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဧပြီလ( ၂၆)ရက်နေ့မှာ ကော့ကရိတ်မြို့ကိုစစ်တပ်က ပြန်လည်နေထိုင်လို့ ရပြီလို့ပြန်လည်ကြေညာပြီးအချိန်မှာတော့ မြို့တွင်းပြန်လည်ဝင်ရောက်ကြည့်ရှုသူတွေကို စစ်တပ်ကမြို့အဝင်အထွက်နေရာတွေမှာ အစစ်ဆေးတင်းကြပ်နေသလို မြို့တွင်းမှာလည်း နေအိမ်အလုံး၆၀၀ ထပ်မနည်းမီးလောင်ပျက်စီးခဲ့တာကြောင့် ဒေသခံအနည်းစုသာပြန်လည်နေထိုင်ကြတာဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

သတင်း-နော်ဖူးဖူး

ပုံ-လူမှုကွန်ရက်

Phar Si Than (People’s Radio Myanmar )