ဓမ္မသရွာမှာ တိုက်ပွဲတွေငြိမ်သက်နေတာကြောင့် ဒေသခံပြည်သူတွေ ကျေးရွာထဲ ပြန်လည်နေထိုင်

 

ဧပြီလ ၃၀ရက် ၂၀၂၄ခုနှစ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာမှာ တိုက်ပွဲတွေငြိမ်သက်နေတာကြောင့် ဒေသခံပြည်သူတွေ  ကျေးရွာထဲ ပြန်လည်ဝင်ရောက်နေထိုင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ဓမ္မသကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား မတ်လ ၂၇ရက်နေ့ကနေ ဧပြီလ ၂၂ရက်နေ့အထိ တစ်လနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဧပြီလ ၂၆ ရက်နေ့မှာတော့ စစ်တပ်ကပြန်လည်ခေါ်ယူတာကြောင့်ကျေးရွာထဲက ဒေသခံ၂၀၀ကျော်လောက် ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီဖြစ်တယ်လို့ ဓမ္မသကျေးရွာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ ကော့ကရိတ်၊ ကော့ဘိန်းတို့နဲ့အတူ သူတို့လည်းပြန်ဝင်နေကြပါပြီး၊ တိုက်ပွဲက စစ်ကောင်စီက အသာရတော့ ပြန်လာလို့ခွင့်ပြုတာဘဲ၊ မီးရှို့တုန်းကလည်း သူတို့ဘဲ၊ ပြန်လာလို့ခေါ်တာကလည်း သူတို့ပါဘဲ၊” လို့ သူကပြောပါတယ်။ဓမ္မသကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဓမ္မသကျေးရွာရှိ နေအိမ် ၇၀ ရာခိုင်နှုန်းကျော် မီးလောင်ပျက်စီးခဲ့ပြီး လက်ရှိအချိန် ကျေးရွာထဲဝင်ရောက်နေထိုင်နေသူတွေဟာ နေအိမ်တွေကနေ ပစ္စည်းခိုးယူခံရမှာကိုစိုးရိမ်တာကြောင့် ပြန်နေကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

“ တစ်ရွာလုံးနီးနီးကုန်သွားတာ၊ လက်ကျန်အိမ်ကနည်းတယ်၊ ကျန်တဲ့အိမ်တွေကိုတော့ ပြန်ကြတယ်လေ၊ မပြန်ရင်လည်းရှိတာတွေကို ခိုးလို့ကုန်သွားမယ်၊ ကုန်လည်းကုန်နေပါပြီမီးဘေးကြောင့်၊” လို့ပြောပါတယ်။

အခုလို ဒေသခံပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်နေကြတာနဲ့ ပတ်သတ်ပြီး စစ်ကောင်စီတပ်ထောက်ခံတဲ့ သတင်းဌာနတွေကနေ ဓမ္မသကျေးရွာကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ဝါဒဖြန့်တာတွေကို လုပ်ဆောင်နေကြပါတယ်။

လက်ရှိအချိန် ဒေသခံပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်နေကြပေမဲ့ ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့မနက်ပိုင်းမှာတော့ ဓမ္မသကျေးရွာအနီးတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ခဲ့ပြီး လက်ရှိအခြေအနေကို ပြောပြလို့မရသေးဘူးလို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း-ကိုဖြိုး
ဓာတ်ပုံ-PAN Channel
Phar Si Than (People’s Radio Myanmar)