မောတောင်ငယ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

ဖေဖော်ဝါရီလ ၇ရက်နေ့၊ ၂၀၂၄ခုနှစ်

 

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ထိုင်းနိုင်ငံနယ်စပ်အနီးမှာရှိတဲ့ မောတောင်ငယ်ရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်‌ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၅ရက်နေ့၊ နေ့လည် ၁နာရီ ၄၅မိနစ်လောက်မှာ မြိတ်ဘက်နေလာတဲ့ Mi-2 ရဟတ်ယာဉ်နဲ့ မောတောင်ငယ်ရွာကို ၈၁ မမလက်နက်ကြီးတွေနဲ့ ၁၁လုံး ကြဲချတိုက်ခဲ့ပြီး စက်လက်နဲ့ အချက်ရေ ၄၀ ကျော်ပစ်ခတ်သွားခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။

“ အဲ့ဘက်က တိုက်ပွဲမဖြစ်တာ တော်တော်ကြာသွားပြီ။ ၉လလောက်ရှိပြီပေါ့။ လက်နက်ကြီးရော စက်လက်ရော နှစ်ခုစလုံးနဲ့ ချတာ” လို့သူက အခုလိုပြောပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာတော့ အရပ်သားပြည်သူ ထိခိုက်သေဆုံးတာမရှိခဲ့ဘူးလို့ သိရပါတယ်။

“ အဲ့ရွာတွေက တိုက်ပွဲလည်းမဖြစ်တာကြာတော့ စစ်ဘေးလည်းမရှောင်ကြဘူး။ မောတောင်တကြောလုံးက ရွာတွေမှာ လူတွေအကုန်လုံးရှိတယ်” လို့ တနင်္သာရီမြို့နယ်ရှိ ဒေသတော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့ ထိုင်းနိုင်ငံနယ်စပ် မောတောင်မြို့ရှိ မောတောင်ငယ်ရွာဟာ ထုံခါ- မောတောင်လမ်းပိုင်းမှာ တည်ရှိပြီး ကရင်တိုင်းရင်းသား အများစုနေထိုင်တဲ့ ရွာငယ်လေးတစ်ခုဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ထုံခါ-မောတောင်လမ်းပိုင်းတလျှောက်ကို KNU တပ်ရင်း(၁၁)၊ KTLAနဲ့ တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၃ခုနစ်ကတည်းက ဂိတ်တွေထားရှိပြီး နယ်မြေစိုးမိုးထားနိုင်တဲ့ နေရာဖြစ်တာကြောင့် စစ်ကောင်စီတပ်တွေအနေနဲ့ မောတောင်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ချင်လို့ အခုလို လေကြောင်းကနေ တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ ဒေသတော်လှန်ရေးတပ်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။

စစ်ကောင်စီတပ်က တနင်္သာရီတိုင်းကို လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်နေတာ တပတ်တွင်း လေးကြိမ်ရှိပြီဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- စစ်ကောင်စီတပ်က အသုံးပြုခဲ့တဲ့ ၈၁မမ ဗုံးသီး

Phar Si Than (People’s Radio Myanmar)