[videopress BfVewI2m]
ဧပြီလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ကျေးရွာတွေဘက်မှာ လှည့်လည်ကာ ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးတပ်တွေက ဧပြီလ ၂၈ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုကဧပြီလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ခမရ (၆၆) တိမ်မြုတ်တပ်လက်အောက်ခံ စစ်ကောင်စီတပ်သားတွေဟာ အင်အား( ၂၀) ဝန်းကျင် နဲ့ ရွာစဉ်လှည့်လည်ပြီး ပေါ်တာဆွဲနေချိန် သရက်နှစ်ဖျားလိမ်အုပ်စု၊ ဂွေးချိုကွင်း နဲ့ ကျွန်းလှကုန်းကို ဆက်သွယ်ထားတဲ့ တံတားအနီးအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်း ၇ လုံးကွင်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို မှ တာဝန်ရှိသူက People’s Radio Myanmar ကို ပြောပါတယ်။
“ ဒီစစ်ကြောင်းက ဂွေးချိုကွင်းရွာထဲမှာ အိပ်ကြတာ နောက်နေ့ထွက်လာတဲ့အချိန်ကို ကျွန်တော်တို့က စောင့်ကြိုမိုင်းဆွဲခဲ့တာပေါ့ ဒဏ်ရာရတဲ့ ၂ ဦးလည်း သေလောက်တယ်” လို့ သူကပြောပါတယ်။
အဆိုပါကိစ္စတွေနဲ့ပက်သက်ပြီး အုတ်ဖိုဒေသခံတွေနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါအခုလိုပြောပါတယ်။
“ သူတို့က ရွာတွေအကုန်လိုက်ဆွဲ နေတာဗျ ခုဖြစ်တာလည်း အနားကို အကပ်မခံဘူး ကျွန်တော်တို့ကြားတာကတော့ စစ်သားတွေ သေတယ်လို့ပြောတယ် “ လို့အုတ်ဖိုဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ သေဆုံးအလောင်းနဲ့ ဒဏ်ရာရစစ်သားတွေကို နီးစပ်ရာဆေးရုံနဲ့ ပြည်ဘက်ကို (၂၈ )ရက်နေ့ ညဘက်မှာ သယ်ဆောင်သွားပြီး တော်လှန်ရေးတပ်ဖွဲဝင်တွေက နယ်မြေရှင်းလင်းတဲ့အခါ စစ်သုံးဦးထုပ်သုံးလုံး၊ ကျည်ဘောက်ရှည်တစ်ခု၊ (5.56 )ကျည် (၃၂ တောင့်) သိမ်းဆည်းရရှိခဲ့ပါတယ်။
ဒါ့အပြင် ဧပြီလ ၂ ရက်နေ့ကလဲ အုတ်ဖိုမြို့နယ်၊ ဝင်းသရက်ကျေးရွာ ချောက်ကမ်းပါးရှိ စစ်ဘက်ဆိုင်ရာကေဘယ်ကြိုးကို လာရောက်ပြင်ဆင်ချိန် ဒေသခံတော်လှန်ရေးတပ်က ထန်းပင်ကုန်းကျေးရွာနဲ့ ဝင်းသရက်ကျေးရွာကြားမှာ ပဒေသာမိုင်း (၁၀ )လုံးတွဲနဲ့ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့လို့ ( ၆) ဦးသေဆုံးကာ( ၇ )ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပါသေးတယ် ။
သတင်- Naw Drizzle
video – မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖို