By – People’s Radio Myanmar
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းပိုင်းတွင် ခြေလျင်စစ် ကြောင်းဖြင့်စစ်ကြောင်းထိုးဝင်ရောက်လာသည့် အင် အား ၄၈ ဦးဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒေါင်းညီနောင်စစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ယနေ့တွင်ထုတ်ပြန်လိုက်သည်။
သရက်ချောင်း – ထားဝယ်ကားလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီအင်အား ၄၈ ဦးဝန်းကျင်ပါစစ်ကောင်စီခြေလျင်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့်ဩဂုတ်လ ၁၄ ရက်တွင် ပန်းပြင်ရွာ စာသင်ကျောင်းနှင့် ပိန်းတောရွာ မှန်ကျောင်းကြားတွင် မိုင်းဆွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ၁၅ မိနစ်ဝန်းကျင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းက ရဲဘော်ဗလာ က ပြောသည်။
၎င်းက “အခုစစ်ကြောင်းထိုးတဲ့တပ်ရင်းတွေကတော့ သရက်ချောင်းတပ်ရင်းတွေပဲဗျ။ တပ်ရင်း ၄၀၃၊ ၄၀၄၊၄၀၅ တပ်ရင်းတွေဖြစ်ဖို့များတယ်။ ကျွန်တော်တို့ဘက်
ကတော့ ထိခိုက်မှုတွေမရှိဘူး။ ပြောက်ကျားပစ်တာဆိုတော့။ အခုလက်ရှိထိတော့ စစ်တပ်ဘက်က လက်နက် ကြီးပစ်ခတ်မှုတွေ မရှိသေးပါဘူး” ဟု PRM ကိုပြော
သည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့သည့်အပြင် ၆ ဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းက ပြောဆိုထား
သည်။
အင်အား ၄၈ ဦးဝန်းကျင်ပါ အဆိုပါစစ်ကောင်စီခြေလျင်စစ်ကြောင်းသည် တော်လှန်ရေးတပ်များနှင့် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ပန်းပြင်ရွာရှိ နေအိမ် ၂ အိမ်ကိုဖောက်ထွင်းဝင်ရောက်ကာ ဆိုင်ကယ် ၂ စီးယူဆောင်သွားကြောင်းသိရသည်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်းနှင့် ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဟိုက်ဂျက်ကားများဖြင့်
ထားဝယ်ဘက်သယ်ဆောင်သွားကြောင်း ထုတ်ပြန်ထား
သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သော FE5 Tanintharyi ၏ အစီရင်ခံစာအရ ပြီးခဲ့သောဇူလိုင်လအတွင်း တနင်္သာရီတိုင်းတွင် ထိတွေ့တိုက် ပွဲ ၂၈ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၉ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ပုံစာ – ဒေါင်းညီနောင်စစ်ကြောင်း။