
မေလ ၂၁ရက်၊၂၀၂၄ခုနှစ်
ထိုင်း−မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ ကာစီနို လောင်းကစားရုံအတွက် တရုတ်လူမျိုးတွေ အများအပြားထပ်မံဝင်ရောက်လာတယ်လို့ သိရပါတယ်။
အခုမေလလောက်ကနေစပြီး ဘုရားသုံးဆူမြို့မှာတရုတ်လူမျိုးတွေအများအပြား ဝင်ရောက်လာသလို ကာစီနိုရုံတွေကို ဘုရားသုံးမြို့ရှိ ဓမ္မဂီရိဘုန်းကြီးကျောင်းတောင်ခြေမှာ တည်ဆောက်ထားတာဖြစ်ပြီး ကာစီနိုလုပ်ငန်းအတွက် အဆောက်အအုံအသစ်တွေ ထပ်မံဆောက်လုပ်မယ်လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ ဓမ္မဂီရိတောင်ခြေရင်းမျိုးချစ်ဂိတ်အတက်မှာအများကြီးပဲ အခုတလောတရုတ်တွေ အများကြီးထပ်ရောက်တယ်ကြားတယ်အရင်ကအိမ်တွေနေရာတောင်အခုကာစီနိုတွေဖြစ်ကုန်ပြီး လူတွေလည်း များလာတယ် အသစ်ထပ်ဆောက်မယ်လို့လည်းကြားနေတယ်ဘုန်းကြီးကျောင်းရဲ့ မြေဆိုတော့ ဝယ်လို့ရချင်မှလည်းရမှာပေါ့”လို့သူကဆိုပါတယ်။
ဒါ့အပြင် ဘုရားသုံးဆူမြို့တွင်းမှာရှိတဲ့ တည်းခိုခန်းတွေကိုလည်း တရုတ်လူမျိုးတွေက လပြတ်ပေးပြီးငှားနေကြသလို နောက်ထပ် တစ်ရုတ်လူမျိုးထောင်နဲ့ချီပြီးထပ်မံ ဝင်ရောက်လာမယ်ဆိုတဲ့ သတင်းတွေလဲထွက်ပေါ်နေတယ်လို့ သူကဆက်ပြောပါတယ်။
“ပါးစပ်ကပဲပြောနေကြတာလား တကယ်အဟုတ်လားမသိဘူး ဘုရားသုံးဆူကို အယောက်၆၀၀၀တောင်ရောက်မယ်လို့သတင်းကြားတယ် နောက်ပြီးတော့ သူတို့က တည်းခိုခန်းတွေရှိတယ်လေ အဲ့တာကို လပြတ်နဲ့တောင်ငှားလိုက်တယ်သူတို့တည်းခိုခန်းမှာ ပဲအပြီးတည်းတယ်တဲ့”လို့ဆိုပါတယ်။
အခုလက်ရှိဘုရားသုံးဆူမြို့က ကာစီနိုလောင်းကစားဝိုင်းတွေကို မြဝတီနဲ့ ရွှေကုက္ကိုကနေပြောင်းရွှေ့လာတဲ့ တရုတ်လူမျိုးတွေကလာရောက် လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ဘုရားသုံးဆူမြို့ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
မြဝတီမြို့နယ်ထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေလုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေမေလ ၁ရက်နေ့ကနေအောက်တိုဘာလ ၃၁ရက်အထိ ၆လအတွင်း ပြန်လည်ထွက်ခွာသွားကြဖို့နယ်ခြားစောင့်တပ် (BGF)ကစည်းကမ်းထိမ်းသိမ်းရေးရုံးက ထုတ်ပြန်စာထွက်လာပြီးနောက် ငွေလိမ်လုပ်ငန်းရှင်တွေက နိုင်ငံခြားသားအလုပ်သမားတွေကို နေရာရွှေ့ပြောင်းခိုင်းတာတွေရှိနေတယ်လို့ RFAသတင်းဌာနကရေးသားထားပါတယ်။
သတင်း-နော်ဖူးဖူး
Phar Si Than (People’s Radio Myanmar)