မြိတ်မြို့မှာ စစ်ကောင်စီနဲ့ခရိုနီပေါင်းပြီး ရေပေါ်ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ပြင်ဆင်နေ

May be an image of golf course and lake
_
By – နော်အယ်နီး
Date – 15 August 2024
မြိတ်မြို့၊ ကန်တော်မင်္ဂလာရေကန်မှာ စစ်ကောင်စီတပ်နဲ့ ခရိုနီတွေပူးပေါင်းပြီး ရေပေါ်ဆိုလာလျှပ်စစ်ဓာတ်အား ပေးစက်ရုံတည်ဆောက်ဖို့ပြင်ဆင်နေတယ်လို့ မြိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်မှာတော့ မြိုတ်မြို့၊ ပုလဲရတ နာခန်းမမှာ ရေပေါ်ဆိုလာ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးစီမံကိန်းနဲ့ပတ်သက်တဲ့ အစည်းအဝေး
ပြုလုပ်ခဲ့ပြီးအစည်းအဝေးကို တနင်္သာရီတိုင်း၊ စီးပွားရေးဝန်ကြီး ဦးမောင်ကြီး တက်ရောက်ခဲ့တယ်လို့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
အဲဒီအစည်းအဝေးမှာ Myanmar Solar Power Tranding Company ရဲ့ဒါရိုက်တာက စီမံကိန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒေသခံတွေဆီ ရှင်းလင်းတင်ပြခဲ့တယ်လို့ မြန်မာ့အလင်းဖော်ပြချက်အရသိရပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေအပြင် စစ်ကောင်စီနဲ့ဆက်စပ်သူတွေ တက်ရောက်ခဲ့တယ်လို့ မြိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
သူက “ အစည်းအဝေးဖိတ်တာက သူတို့အချင်းချင်းပဲ ဖိတ်ကြတာပါ။ ပြည်သူတွေရဲ့သဘောတူညီချက်ကို ယူတာမဟုတ်ဘူး။ ရပ်ကွက်လူကြီးပြီးရင် လုပ်လို့ရပြီဆိုတဲ့ ပုံစံမျိုး” လို့ ပြောပါတယ်။
ကန်တော်မင်္ဂလာရေကန်ဟာ မြိတ်မြို့မှာတစ်ကန်ထဲ
တည်ရှိတဲ့ သမိုင်းဝင်ရေကန်ဖြစ်သလို မြိတ်မြို့ဒေသခံတွေ အပန်းဖြေစရာနေရာတစ်ခုလည်းဖြစ်ပါတယ်။
စီမံကိန်းဆက်လက်အကောင်အထည်ဖော်မယ်ဆိုရင်
အနီးဝန်းကျင်မှာရှိတဲ့ ရပ်ကွက် ၂ ခုလောက်အတွက်သာ အကျိုးရှိမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ရေကန်ရဲ့ဂေဟစနစ်ကိုပျက်စီးစေနိုင်တာ၊ ဆိုလာစနစ်ကြောင့်ရေခမ်း ခြောက်တာတွေဖြစ်လာနိုင်တယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။
သူက “ သူတို့က ပြည်သူတွေအတွက်ဆိုပြီး နာမည်တပ်တာပေါ့။ ဆိုလာတပ်မယ်ဆိုရင် သမိုင်းဝင်ကန်အမှတ် အသားတစ်ခုပျောက်သွားမယ်။ ရေကန်ထဲလည်း ငါးအမျိုးပေါင်းအများကြီးရှိတယ်။ ဆိုးကျိုးတော့ အများကြီးပါပဲ” လို့ပြောပါတယ်။
အဲဒီစီမံကိန်းအပေါ် မြိတ်မြို့ဒေသခံအများစုကမကျေ
နပ်ကြသလို မြိတ် – ပကဖ ကလည်း ဩဂုတ်လ ၁၂ ရက်နမှာ သတိပေးစာထုတ်ပြန်ခဲ့တာကြောင့် ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ကြီးမားတဲ့ပြဿနာတွေဖြစ်လာနိုင်တယ်လို့ တော်လှန်လူငယ်တစ်ဦးက ဆိုပါတယ်။
သူက “ကျွန်တော့်အနေနဲ့တော့ မလုပ်ဖြစ်လောက်တော့ဘူးလို့ထင်တယ်။ တင်ဒါခေါ်တဲ့အဆင့်ကိုလည်း မရောက် သေးဘူးလေ။ ဒေသခံတွေကြားထဲမှာလည်း အဲ့ဒီသတင်း က နာမည်ကြီးနေတာဆိုတော့ မလုပ်ရဲလောက်ဘူး” လို့ ပြောပါတယ်။
ကန်တော်မင်္ဂလာရေကန်ဟာ ၂၁ ဒဿမ ၆၈ ဧကကျယ်ဝန်းပြီး စီမံကိန်းမှာ ဆိုလာအချပ်ရေ ၇,၄၄၈ ချပ်တပ်ဆင်မှာဖြစ်တယ်လို့ သိရပါတယ်။
ကန်တော်မင်္ဂလာရေကန်ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ဒေသခံတွေရဲ့ထည့်ဝင်ငွေတွေအပါအဝင် NLD အစိုးရက သိန်း ၂,၀၀၀ ဝန်းကျင်အကုန်အကျခံပြီး ပြန်လည်တူးဖော်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်တွေအရ သိရပါတယ်။
ပုံစာ − ​မြိတ်မြို့၊ ကန်တော်မင်္ဂလာရေကန်။