စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာကြောင့် မြို့တော်ဦးရပ်ကွက်ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲ

အောက်တိုဘာလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် မြို့တော်ဦးရပ်ကွက်ထဲမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကို စစ်ကောက်စီတပ်ရဲ့ ခလရ ၉၇ တပ်ရင်းနဲ့ လှိုင်ဝအမြောက်ကုန်းကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ညတိုင်းနီးပါး ပစ်ခတ်နေတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီခွဲလောက်ကလည်း ခလရ ၉၇ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် မြို့တော်ဦးရပ်ကွက်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်တာတွေမရှိဘူးလို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

” ညက ၁၀ နာရီခွဲလောက်ပစ်တယ်၊ အလုံး ၂၀ လောက်ရှိတယ်၊ မြို့တော်ဦးဘက်မှာကျသွားတယ်၊ လူထိခိုက်တာတော့မရှိပါဘူး၊ သူတို့ကရမ်းပစ်တာဘဲ၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့နယ် တောင်ကြာအင်းကျေးရွာမှာ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၉နာရီလောက်ကလည်း စစ်ကောင်စီတပ်က သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့သေးတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။

” စက်သေနတ်တွေနဲ့ ပစ်တာ၊ အသံက ဆက်နေရောဘဲ၊ သူတို့အကြာကြီးပစ်သွားတာ၊ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်၊ ရွာထဲကျတာတွေ လူထိတာတွေတော့မရှိဘူး၊” လို့ သူကပြောပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့ ကမိုင်ကုန်းကျေးရွာ၊ ကော့နွဲ့ကျေးရွာနဲ့ အာရှလမ်းမဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေနေတင်းမာနေကာ စစ်ကောင်စီတပ်က စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ KNLA သတင်းအရင်းမြစ်တွေက ပြောပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် သြဂုတ်လနဲ့ စက်တင်ဘာလ ၂ လအတွင်း ဒေသခံ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၅ လုံးခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒူးပလာယာခရိုင်ရဲ့ သတင်းနဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-ပုံဟောင်း

Phar Si Than(People’s Radio Myanmar)

Website တွင်ဖတ်ရန် −