မြဝတီမြို့ရဲစခန်းနဲ့ မြို့နယ်စုပေါင်းရုံး ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရ

ဒီဇင်ဘာလ ၇ရက် ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြို့မရဲစခန်းနဲ့ မြို့နယ်စုပေါင်းရုံးရှေ့မှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံခဲ့ရတယ်လို့ မြဝတီမြို့ဒေသခံတွေဆီကသိရပါတယ်။

မြဝတီမြို့ရဲစခန်းနဲ့ မြဝတီမြို့အနီးတစ်ဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်ဂိတ်ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ မကြာခနဗုံးသီးချတိုက်ခိုက်လေ့ရှိတာလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီလောက်မှာ မြဝတီရဲစခန်းပေါ်ကို ကင်းထောက်ဒရုန်းတစ်စီး ရောက်ရှိလာတာကြောင့် ရဲစခန်းထဲကနေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်း ၅နာရီ ၄၅ မိနစ်လောက်မှာတော့ မြို့မရဲစခန်းနဲ့ မြို့နယ်စုပေါင်းရုံးရှေ့မှာ ဒရုန်းဗုံးသီးသုံးလုံးကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြဝတီမြို့ဒေသခံတွေဆီက သိရပါတယ်။

” ပထမတစ်ခေါက်တော့ သူတို့ကင်းလာထောက်တာလားမသိဘူး၊ငါတို့အိမ်ခေါင်မိုးပေါ်က ဖြတ်ပြီးပျံသွားတယ်၊ အဲ့ဒါကို သူတို့က အဲ့ဒီဒရုန်းကိုလှမ်းပစ်တယ်၊ လှမ်းပစ်တော့ ဒရုန်းကလှည့်ပြန်သွားတယ်၊နောက်တစ်ခေါက်ကျတော့ ဗုံးလာပစ်ချတယ် ဒရုန်းက၊ ရှေ့ဆင့်နောက်ဆင့်ဘဲ အသံကြားရတယ်၊သုံးချက်၊ ရဲစခန်းနားမှာကျသွားတယ်၊” လို့ မြဝတီမြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာလည်း မြဝတီမြို့ရဲစခန်းထဲကနေ သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့သလို မြဝတီမြို့ အမှတ် (၅) ရပ်ကွက်ရုံးရှေ့မှာလည်း သေနတ်ပစ်ခတ်ခဲ့တဲ့ အသံတွေ ကြားခဲ့ရသေးတယ်လို့ အမှတ် (၅) ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

သူက ” သူတို့ဒရုန်းကိုတွေ့တော့ သေနတ်နဲ့လှမ်းပစ်တာတွေကြားရသေးတယ်၊ (၅) မိနစ်လောက်တော့ပစ်တယ်၊ ပြီးတော့ အမှတ် (၅) ရပ်ကွက်ရုံးရှေ့မှာလည်း သေနတ်သံ (၃) ချက်ကြားရတယ်၊” လို့ ပြောပါတယ်။

မြဝတီမြို့ရဲစခန်းနဲ့ မြို့နယ်စုပေါင်းရုံးကို ဒရုန်းဗုံးသီးချတိုက်ခိုက်တာနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေက မြဝတီမြို့ကို လျှပ်စစ်မီးဖြတ်တောက်လိုက်သလို ရဲစခန်းအနီးတစ်ဝိုက်မှာလည်း လုံခြုံရေးတွေ ချထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ ည ၇ နာရီ ၂၀ လောက်မှာလည်း မြဝတီမြို့ရဲစခန်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်အပါအဝင် (၆) ဦးသေဆုံးပြီး (၁၃) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြဝတီမြို့ ဒေသခံတွေဆီက သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-ပုံဟောင်း

Phar Si Than (People’s Radio Myanmar)