သင်္ဃန်းညီနောင်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ၅၀၀၀ ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေရ

မတ်လ ၁၁ရက်၊ ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊မြဝတီမြို့အဝင်ရှိ သင်္ဃန်းညီနောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့   နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကာစစ်ကောင်စီတပ်ကပါလေကြောင်းကနေ နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်တာ၊ ခလရ ၂၇၅တပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ဒေသခံ၅၀၀၀ဝန်းကျင်ဟာလည်း မြဝတီမြို့ဘက်မှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေနဲ့စစ်ရှောင်ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

မတ်လ ၇ရက်နေ့ကနေစပြီးဒီနေ့ မတ်လ၁၁ရက်နေ့နေ့လယ်၁နာရီဝန်းကျင်အချိန်အထိကို စစ်ကောင်စီတပ်ဘက်မှစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာ၊လေယာဉ်နဲ့ဗုံးကြဲနေတာတွေကြောင့် ကျေးရွာအတွင်းအထိခိုက်ပျက်စီးများပြားနေကာ သင်္ဃန်းညီနောင်ရွာအတွင်း၊ သင်္ဃန်းညီနောင်မြို့သစ်၊ ရွာသစ်ကျေးရွာအပါအဝင်စုစုပေါင်းရွာ၅လောက်က ဒေသခံ၅၀၀၀ ကျော်ဟာ စစ်ဘေးလွတ်ရာဆွေမျိုးတွေရှိရာနေရာတွေနဲ့မြဝတီမြို့ဘက်တွေမှာ သွားရောက်တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီပေးနေသူတစ်ဦးကပြောပါတယ်။

“အခုကတစ်ရွာလုံးနီးပါးပြောင်းပြေးကုန်ပြီး ညီနောင်ရွာထဲထက် ညီနောင်မြို့သစ်က အခြေနေပိုဆိုးပြီးတော့ အပျက်အစီးလည်းပိုများတယ် စစ်ရှောင်တွေကတော့ ခန့်မှန်း ၅၀၀၀ နဲ့ ၆၀၀၀ကြားရှိမယ်ခန့်မှန်းပေါ့ ညီနောင်ဝန်းကျင်က ရွာတွေဖြစ်တဲ့ တံတားကျိုုးနဲ့ ဝှေ့ရှမ်းဘက်ကတစ်ချို့တွေလည်းပြောင်းပြေးနေကြတယ် ညကလည်း လေယာဉ်တွေနဲ့လာပစ်နေတာ အတွဲလိုက်ကိုပစ်ချတာ”လို့သူကပြောပါတယ်။

အခုလို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့်သင်္ဃန်းညီနောင်ကျေးရွာဘက်ကဒေသခံ ထောင်နဲ့ချီဟာ မြဝတီမြို့ရှိအထက(၂)စာသင်ကျောင်း၊ဓမ္မရန်အောင်ဘုန်းကြီးကျောင်း၊အမှတ်၃ ဓမ္မာရုံ၊ရေပူရှိကျိုက်ထီးရိုးလေးဘုန်းကြီးကျောင်း၊ မဲ့ကနယ်ကျေးရွာရှိ မင်္ဂလာရွာဦးဘုန်းကြီးကျောင်းမှာ စစ်ဘေးတိမ်းရှောင်နေရသလို တစ်ချို့စစ်ရှောင်းကြီးကျောင်းတွေမှာတော့ အကူညီပေးမှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်များကဆိုသည်။

“ရေပူဘက်ကကျိုက်ထီးရိုးလေးဘက်လည်းရှောင်ကြတယ်လို့သိရတယ်အဲ့ဒီကဘက်မှာလည်း လူများတယ် ၂၀၀ကျော်မယ်ထင်တယ် ဓမ္မရန်အောင်မှာလည်းစစ်ရှောင်တွေရှိတယ် စစ်ရှောင်တွေကသိထားတာ၅နေရာလောက်ရှိတယ်၊အဓိကက လေယာဉ်ပဲကြောက် ရတာဆို တော့ညတုန်းကလည်းလေယာဉ်နဲ့ဗုံးပတ်ကြဲတယ်၊နီးစပ်တဲ့နေရာတွေကလူတွေကမနေရဲတော့ဘူးထိတာလည်းပြည်သူတွေပဲအများဆုံးထိတာကိုပြည်သူတွေကျတော့လည်းအိမ်ထဲမှာပဲပုန်းတော့အိမ်ပေါ်ကျတော့ထိတာပေါ့”လို့ဆိုပါတယ်။

နောက်ထပ်စစ်ရှောင်တစ်ဦးကလည်း”အခုကစားဝတ်နေရေးဒုက္ခရှိတယ် နေရတာကတော့ဘုန်းကြီးကျောင်းမှာပဲ အခုနေတဲ့နေရာမှာတော့ ၁၅၀လောက်ရှိတယ် ခြေထောက်ပြတ်နေတဲ့သူလည်းပါတယ် အခုကဆန်တွေ၊ဆီတွေလိုအပ်တာာပေါ့ လောလောဆယ်အလှူရှင်တွေကတော့မရှိသေးပါဘူး ကတ်ထူခင်းပြီးနေနေရတယ် အသက်ကြီးတဲ့သူလည်း ၁၅ယောက်လောက်ရှိတယ် အခုလိုကျရေရှည်ဆိုကျန်းမာရေးအတွက်မကောင်းဘူးလေ ကြာရင်ပိုဆိုးလာနိုင်တယ်”လို့ဆိုပါတယ်။

ဒါ့အပြင် ပေါလောကျေးရွာနဲ့သံပုရာကျေးရွာဘက်တွေမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တစ်ချို့မှာလည်းမီးလောင်ပျက်စီးသွားခဲ့ပြီး ထိုင်းနိုင်ငံဘက်ခြမ်းနဲ့  ဘေးလွတ်ရာကျေးရွာတွေက ဆွေမျိုးတွေရှိမှာ သွားရောက်နေထိုင်နေကြတာလည်းဖြစ်ပါတယ်။

သင်္ဃန်းညီနောင်ကျေးရွာရှိ၅ရက်တာတိုက်ပွဲအတွင်း စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာလေယာဉ်နဲ့ ဗုံးကြဲတိုခိုက်တာကြောင့် ဒေသခံထိခိုက်သေဆုံးတာ ၅ဦးခန့်ရှိနေပြီး ထိခိုက်ဒဏ်ရာရတာမှာ ၁၀ဦးထပ်မနည်းရှိကာ နေအိမ်မီးလောင်တာ ၊ လက်နက်ကြီးထိမှန်ပျက်စီးတာမှာလည်း စုစုပေါင်း ၁၀၀ ဝန်းကျင်ရှိနေပြီဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than(People’s Radio Myanmar)