
မတ်လ ၂၀ရက်၊၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ဖာပွန်မြို့မှာ စစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကာအရပ်သားပြည်သူထိခိုက်ဒဏ်ရာ ရရှိတာမျိုးလည်းရှိတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းအချိန်ထိ ဖာပွန်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကာဖာပွန်အခြေစိုက်ဗျူဟာကုန်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်မတ်လ၁၉ရက်နေ့မနက်၁၁နာရီဝန်းကျင်အချိန်မှာတော့ ဖာပွန်မြို့ရှိ ကုလားကိုင်းကျေးရွာကိုလက်နက်ကြီးကျရောက်ပေါက်ကွဲကာ အသက်၅၀အရွယ်ဒေါ်ဆိုင်ရာဘီနဲ့အသက်၁၈နှစ်အရွယ်မောင်မာစအွတ်တို့လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“၁၈ ရက်နေ့ ည၁နာရီကတည်းကတိုက်ပွဲစဖြစ်နေတာ အခုထိပဲနေ့ကော၊ညကောတိုက်နေတာ တောလှန်ရေးအဖွဲ့ကဒရုန်းနဲ့ဗုံးလိုက်ချတယ် စစ်တပ်ဘက်ကတော့လက်နက်ကြီးနဲ့ပစ်တာပေါ့ ဗျူဟာကုန်းအရှေ့တည့်တည့်က ကုလားကိုင်းရွာထဲက လက်နက်ကြီးကျပြီးတော့ အရပ်သားနှစ်ယောက် အဲ့မှာ အစတွေထိတာပေါ့ထိတာကတော့မိန်းကလေးတစ်ယောက်၊ယောကျ်ားလေးတစ်ယောက်”လို့သူကပြောပါတယ်။
ဒီနေ့မတ်လ ၂၀ရက်နေ့ မနက်ပိုင်းအချိန်တွေမှာလည်း စစ်ကောင်စီတပ်ဘက်က တော်လှန်ရေးတပ်ဖွဲဝင်တွေရှိနိုင်မဲ့နေရာတွေကိုဒရုန်းဗုံးသီးအလုံး၂၀ခန့်ကြဲချတိုက်ခိုက်ခဲ့သလို တော်လှန်ရေးအင်အားစုတွေဘက်မှလည်း စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းကို ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်တာ၊ ဒရုန်းဗုံးသီးကြဲချတိုက်ခိုက်တာတွေလည်းဆက်ရှိနေပြီး နှစ်ဖက်ထိခိုက်အကျဆုံးကိုတော့အတည်ပြုနိုင်တာမျိုးမရှိသေးဘူးလို့KNLAသတင်းအရင်းမြစ်တစ်ဦးကဆိုပါတယ်။
“ ဒီနေ့အခြေနေကတော့စစ်ကောင်စီကဒရုန်းနဲ့အလုံး၂၀လောက်လာပြီးတော့ကြဲတယ်လက်နက်ကြီးကတော့ဗျူဟာတပ်ရင်းကနေပြီးတော့ကူပစ်ပေးတာရှိတယ်တော်လှန်ရေးအဖွဲ့ကတော့သူတို့ကိုရှော့တိုက်ဒုံးနဲ့ရော၊ဒီဒရုန်းနဲ့ရောသွားပြီးတော့သူတို့ကိုသွားပြီးတော့စစ်ဆင်ရေးလုပ်နေတယ်သူတို့ဘက်ကလည်းပဲ လက်နက်ကြီးတွေနဲ့ပြန်ပြီးတော့လှန်းပစ်တယ် အထိခိုက်ကတော့ဘာမှမသိရသေးဘူး”လို့သူကဆိုပါတယ်။
ဖာပွန်မြို့နယ်အတွင်းအခုလို နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေမှာလည်း တိုက်ပွဲခဏငြိမ်သက်သွားတဲ့အချိန်မျိုးမှာဆိုရင်တော့ ကမမောင်းမြို့ကို သွားရောက်တိမ်းရှောင်တာမျိုးတွေလည်းရှိနေတာလည်းဖြစ်ပါတယ်။
ကရင်ပြည်နယ်အတွင်းက ဒေသတွေဖြစ်တဲ့ မြဝတီ၊ကော့ကရိတ်၊ ကျိုက်ဒုံနဲ့ သံတောင်ကြီးမြို့နယ်တွေဘက်မှာလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကာ စစ်ကောင်စီတက်ဘက်မှ အများအပြားသေဆုံးနေကြောင်း တော်လှန်ရေးအင်အားစုတွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)