
မတ်လ ၁၂ရက်နေ့၊ ၂၀၂၄ခုနှစ်
ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသရှိ မေတ္တာမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများတာကြောင့် လေကြောင်းကနေ ပစ်ကူပေးခဲ့တယ်လို့ ဒေသတော်လှန်ရေးရဲဘော်တွေဆီကနေ သိရပါတယ်။
မတ်လ ၁၀ရက်နေ့၊ နေ့လည်ပိုင်းလောက်မှာ မေတ္တာမြို့အနီး နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ဦးလောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။
“ စစ်သားတွေက ကျောက်မဲတောင်ဘက်ကနေ စစ်ကြောင်းထိုးလာတာ။ ဒီဘက်မှာ သူတို့အင်အားလည်း မရှိတော့ဘူးလေ။ မရှိတဲ့အင်အားမှာ သေတာများတော့ လေကြောင်းကနေ ပစ်ကူတာဘဲ့” လို့ သူကအခုလို ပြောပါတယ်။
အဲ့ဒီနောက် ညနေ ၄နာရီလောက်မှာတော့ စစ်ကောင်စီတပ်ဘက်က မေတ္တာမြို့နဲ့အနီးတဝိုက်ကို တိုက်လေယာဉ်နဲ့ ဗုံးသီး ရှစ်လုံကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၁ရက်နေ့မှာလည်း မေတ္တာမြို့အနီးတဝိုက်မှာ ၆နာရီကြာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်နဲ့ ဗုံးသီး ၁၀လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ တော်လှန်ရေးရဲဘော်က ဆက်ပြောပါတယ်။
အဆိုပါ နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဘက်က ၁၀ဦးသေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်ကလည်း ၃ဦး ကျဆုံးခဲ့တယ်လို့ ကနဦးသိရပေမယ့် အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။
အခုလိုနှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်တပ်ရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရှေ့တောဒေသက ဒေသခံ ၆၀၀၀ထက်မနည်း ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တော်လှန်ရေးတပ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုလက်ရှိမှာလည်း မေတ္တာမြို့အနီးမှာ နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေပြီး စစ်ကောင်စီတပ်က အရှေ့တော ဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၁၀ကြိမ်ထက်မနည်း ရှိပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)