
ဒီဇင်ဘာလ ၁၃ရက်၊ ၂၀၂၃ခုနှစ်
ပဲခူးတိုင်း၊ဖြူးမြို့နယ် ၊ ညောင်ပင်သာမြို့မှာ စစ်ကောင်စီတပ်နဲ့ နယ်မြေခံတော်လှန်ရေး အင်အားစုတို့ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က တစ်မနက်လုံးလက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့သိရပါတယ်။
ဒီနေ့ ဒီဇင်ဘာလ ၁၃ရက်နေ့ မနက်၄နာရီအချိန်ညောင်ပင်သာမြို့မှာ စစ်တပ်နဲ့ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး ကညွတ်ကွင်းအခြေစိုက် ခမရ−(၄၃၉)တပ်ကနေ တစ်မနက်လုံးလက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“တိုက်ပွဲဖြစ်နေတာမနက်၄နာရီကတည်းက (၄၃၉)တပ်ကနေလက်နက်ကြီးတွေနဲ့ပစ်တယ် အခုထိလည်းရှုပ်နေတုန်းပဲ လက်နက်ကြီးတွေကတော့ပစ်နေတာပဲ အခုထိတော့ထိခိုက် တာတွေအတိအကျမသိရသေးဘူး”လို့သူကပြောပါတယ်။
ဒါ့အပြင်မနက်၈နာရီ၁၀မိနစ်ဝန်းကျင်အချိန်မှာတော့စစ်တပ်ဘက်က ဂျက်ဖိုက်တာ(၂)စီးနဲ့ ညောင်ပင်သာမြို့ပတ်ပတ်လည်ကို အချိန်တော်တော်ကြာပစ်ခတ်နေပြီး လူဦးရေ(၁၀၀၀၀) ဝန်းကျင်ရှိတဲ့ ညောင်ပင်သာမြို့ဒေသခံပြည်သူတွေကလည်းဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ထွက်ပြေးတိမ်းရှောင်နေသူအမျိုးသမီးတစ်ဦးကဆိုပါတယ်။
“အခုညောင်ပင်သာဘက်မှာ လေယာဉ်နဲ့ ပစ်နေတယ်ဂျက်နဲ့ (၂)စီးပတ်ပြီးပစ်နေတာ တစ်စီးကတော့ပတ်နေတယ် မပစ်သေးဘူး လာကတော့တစ်စီးပြီးတစ်စီး အခုကပြေးနေရတာ ဖြူးကိုကျော်သွားပြီးဆိုတော့အသံတွေတော့သိပ်မကြားရတော့ဘူး ဖြူးမြို့ပေါ်က လူတွေကတော့မပြေးကြဘူး ညောင်ပင်သာဘက်ကလူ တွေပဲပြေးကြတာ” လို့ သူကပြောပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲ၅နာရီကျော်ကြာဖြစ်ပွားပြီးအချိန်မှာတော့ ညောင်ပင်သာရဲစခန်းကို အပြီးသိမ်းပိုက်နိုင်ခဲ့ကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တော်ဝင်ဒေါင်းစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
ဖြူးမြို့နယ်အတွင်းတိုက်ပွဲမဖြစ်ပွားခင် ဒီဇင်ဘာလ အစပိုင်းလောက်ကတည်းကအနီးအနား ကျေးရွာကိုစစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်တာလေယာဉ်နဲ့ ဗုံးကြဲတာတွေအပြင် အင်တာနက်လိုင်းတွေလည်းဖြတ်တောက်ထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒီဇင်ဘာလ ၁ရက်နေ့ကနေ ၁၂ရကနေ့ထိကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်တာတွေ၊ လေယာဉ်နဲ့ဗုံးကြဲတာတွေကြောင့်ပဲခူးတိုင်းအတွင်း ပြည်သူ(၂)ဦးသေဆုံးပြီး (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းရုံးကထုတ်ပြန်ထားပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – တော်ဝင်ဒေါင်းစစ်ကြောင်း
Phar Si Than (People’s Radio Myanmar)