သင်္ဃန်းညီနောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးချတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေ

မတ်လ ၉ရက် ၂၀၂၄ ခုနှစ်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၈ရက်နေ့ နဲ့ ၉ရက်နေ့ မှာ စစ်တပ်က သင်္ဃန်းညီနောင်ကျေးရွာတစ်ဝိုက်ကို လေကြောင်းကနေ တစ်ခါချရင် ဗုံး ၆လုံးလောက် အတွဲလိုက်ပစ်ချပြီး တိုက်ခိုက်နေသလို တိုက်ပွဲတွေလည်း ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနက်ကတော့နည်းနည်းငြိမ်နေတယ်၊ တစ်ချက်ချက်ဘဲ အသံကြားရတယ်၊ အခုကတော့ sola လေယာဉ်ဆိုလားဘာလား အဲ့ဒါနဲ့ တစ်ခါချရင် ၅လုံး၆လုံးတစ်ခါထဲချတယ်၊ အခုလည်း ၄လုံးဆက်တိုက်ကြဲချနေပြီး၊သေနတ်သံတွေက တောက်လျှောက်ဘဲ၊ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သင်္ဃန်းညီနောင်ကျေးရွာက ဒေသခံ ၁၀ဦးကျော် ထိခိုက်သေဆုံးတာနဲ့ ဒဏ်ရာရရှိတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ဒါ့အပြင် စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် မတ်လ ၈ရက်နေ့ ည ၁၀ နာရီကျော်လောက်ကလည်း သင်္ဃန်းညီနောင်ကျေးရွာရှိ မြို့သစ် ၁လမ်း၊၂လမ်း၊၃လမ်း၊၄လမ်းနဲ့ ၅လမ်းမှာရှိတဲ့ ဒေသခံနေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးခဲ့သလို မီးငြိမ်းသတ်မဲ့သူ နည်းတာကြောင့် ည ၁၂ နာရီကျော်တဲ့အထိ မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ ညက ကျွန်တော်တို့ရှောင်နေတဲ့ နေရာ ဇုန်အနောက်ဘက်ကနေတောင် မီးလောင်တာကို တွေ့နေရတယ်၊ အဲ့မှာက ပျဉ်ထောင်အိမ်တွေဘဲဆိုတော့ အကုန်ပါမယ်၊ အကုန်လုံးဆိုရင် အိမ်ခြေ ၅၀ကျော်လောက်ရှိမယ်၊ ၁အိမ် ၂အိမ်လောက်ဘဲကျန်မှာ၊ညက မီးသတ်မို့ ဘယ်သူမှ သိပ်မရှိဘူးလေ၊ အကုန်ပြေးကြကုန်ပြီး၊ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် သင်္ဃန်းညီနောင်ကျေးရွာမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မြဝတီ-သင်္ဃန်းညီနောင်လမ်းပိုင်းကို ပိတ်ထားတာကြောင့် ဒေသခံပြည်သူတွေဟာ ကုန်သွယ်ရေးဇုန်အနောက်ဘက်ကနေတစ်ဆင့် ညီနောင်ဘက်ကို တောလမ်းကနေ သွားလာနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း-ကိုဖြိုး
ဓာတ်ပုံ- Social Media
Phar Si Than(People’s Radio Myanmar)