
မေလ ၈ ရက် ၊ ၂၀၂၄
စက်သုံးဆီတွေပြတ်လတ်နေလို့ ဆီဆိုင်ကြီး တွေပါပိတ်ထားရတဲ့ ပူတာအိုမြို့မှာ ဓာတ်ဆီတစ်ဂါလံကို ငွေကျပ်နှစ်သိန်းခွဲ နဲ့ ဝယ်ယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
လမ်းဘေးဈေးဆိုင်ငယ်တွေမှာ မေလ ပထမပတ်ကစပြီး ပုလင်းငယ် တွေ နဲ့ ရောင်းချပေးနေသလို (၇၀၀)မီလီလီတာဆန့်တဲ့ တစ်ပုလင်းကို ကျပ်လေးသောင်းမှ ငါးသောင်းကြားပေါက်ဈေးရှိတဲ့အတွက် လယ်ယာလုပ်ငန်းဆက်လက်လုပ်ကိုင်ဖို့ အခက်အခဲတွေရှိလာတယ်လို့ လေယာဉ်ကွင်းရပ်ကွက်နေသူက အခုလိုပြောပါတယ်။
“ တစ်ပုလင်း ၄သောင်းတဲ့ တစ်သက်နဲ့တစ်ကိုယ်ကြားတောင်မကြားဖူးဘူး၊ အရင်တံတားကျိုးတုန်းကတောင် ၈၀၀၀ အများဆုံးပဲ၊ ခုဟာက များလွန်းတယ် အဲ့စျေးနှုန်းနဲ့ဘာလုပ်စားနိုင်မလဲ ပျိုးလည်းမကျဲရသေးဘူး ” လို့ သူက ပြောပါတယ်။
ပူတာအိုခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်ကြီးတချို့မှာ မတ်လ ကုန်ပိုင်းကတည်းက ရဲ နဲ့ စည်ပင်ရုံးက တားမြစ်ချက်တွေရှိတဲ့အတွက် ဆီရောင်းချပေးခြင်းမရှိတော့ဘဲ ဆိုင်ပိတ်ထားခဲ့ကြတယ်လို့ လယ်ယာလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ် ။
“အရင်ပုံမှန်က (လမ်းပိတ်ပြီးနောက်ပိုင်းဈေးနှုန်း) တစ်သောင်းသုံးထောင်ပဲ ၊ ဒါပေမဲ့ စည်ပင်နဲ့ရဲတွေက မရောင်းဖို့ပြောလိုက်တော့ ပိုပြီးစိုးရိမ်လာကြတာပေါ့။ ခိုးရောင်းကြလို့ အခုလိုဈေးတက်သွားတာ။” လို့သူကဆက်ပြောပါတယ်။
မြစ်ကြီးနား – ပူတာအိုလမ်းမပိတ်ခင်က ဓာတ်ဆီတစ်ဂါလံလျှင် သုံးသောင်းဝန်းကျင်ခန့်ရှိခဲ့ရာ လက်ရှိဈေးနှုန်းတွင် ဓါတ်ဆီတစ်ဂါလံမှာ ကျပ်နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တတ်သွားတာပဲဖြစ်ပါတယ် ။
ပြည်နယ်ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က တောင်သူလယ်သမားများကို စက်သုံးဆီ ရောင်းချပေးမည်ဟုဆိုကာ မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ လေယာဉ်ဖြင့် ဆီများတင်ပို့ခဲ့သော်လည်း လက်ရှိအချိန်ထိ ခွဲဝေရောင်းချပေးခြင်းမရှိသေးကြောင်း ဒေသခံများထံကသိရပါတယ်။
ဒေသခံပြည်သူများက လယ်ယာလုပ်ငန်းစတင်ရမဲ့အချိန်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ဆီများပြတ်လပ်နေတာကြောင့် လုပ်ငန်းရပ်နားထားရသူများစွာရှိပြီး အချို့မှာ လယ်ထွန်စက်နေရာတွင် လူအင်အားအစားထိုးပြီးအသုံးပြုလာရတယ်လို့လဲဆိုပါတယ် ။
မြစ်ကြီးနား – ပူတာအိုလမ်းရှိ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ မတ်လ ၉ ရက်နေ့မှစတင်ကာ ယနေ့အထိ လမ်းပိတ်နေဆဲဖြစ်ပါတယ်။
News : Tiffany Suu
Photo : Mail