မျှစ်ချဉ်စုကျေးရွာရှိ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံ ရတာကြောင့် ၂ ဦးသေဆုံး

စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်

တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ရှိ မျှစ်ချဉ်စုကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁)ရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့၊ မနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ အင်အား ၃၀ လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်လောက် ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁)ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“တပ်စွဲထားတာတော့ တော်တော်ကြာပြီ။ ကျနော်တို့ဘက်က အလစ်ဝင်တိုက်တာပါ။ သူတို့က ကျောင်းထဲကနေပြီးတော့ ခဏခဏ လက်နက်ကြီးတွေနဲ့ ထုတယ်” လို့ သူကအခုလိုပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက မျှစ်ချဉ်စုရွာစာသင်ကျောင်းမှာ တပ်စွဲထားတာကြာပြီဖြစ်ပြီး ‌ကျောင်းထဲကနေ ‌‌ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ခဏခဏ ရမ်းသမ်းပစ်ခတ်လေ့ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေကို ‌ဒေသတော်လှန်ရေးတပ်တွေက အခုလို အလစ်ဝင်ရောက် တိုက်ခိုက်တာက ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ပုလောမြို့နယ်ရှိ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

“တပ်စွဲထားတာက ကြာပြီလို့ပြောရမယ်။ အတိအကျတော့ မပြောတတ်ဘူး။ ကျနော်တို့ စစ်ရှောင်ရာကပြန်ရင် သူတို့ရှိနေပြီလေ။ ရွာတွေဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ထုတယ်။ ‌တောထဲဘက်တွေကိုလည်း ထုတယ်။ တခါတလေကျရင် ရဲဘော်တွေက အရှေ့က ဖြတ်သွားပြီး ဒီတိုင်း လာလာ ပစ်တာမျိုးတွေလည်းရှိတယ်။ အခုကတော့ အလစ်ဝင်တိုက်တာ” လို့သူကအခုလို ပြောပါတယ်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က နေရာမှာတင် နှစ်ဦးပွဲချင်းပြီး သေဆုံးပြီး ထိတွေမှုဖြစ်ပွားနေချိန်တွေမှာလည်း အဲ့ဒီကျောင်းထဲက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူပေးနေ ခဲ့တယ်လို့ ဒေသတော်လှန်ရေး ရဲဘော်တစ်ဦးဆီကနေ သိရပါတယ်။

“သူတို့ဘက်က နှစ်ဦးသေတာက ရွာသားတွေပြောပြလို့ အတည်ပြုနိုင်တာပါ။ လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်ပါတယ်။ ဒဏ်ရာရတဲ့သူ ရှိ မရှိကိုတော့ မသိရသေးဘူး။ ကျနော်တို့ဘက်က ထိခိုက်မှုမရှိ အချိန်မှီပြန်ဆုတ်လာခဲ့ပါတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ထိနာတာကြောင့် တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အဆိုပါ စာသင်ကျောင်းထဲကနေ လက်နက်ကြီးတွေနဲ့ တနေ့လုံး ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ပုလောမြို့နယ်ရှိ အမည်မဖော်လိုတဲ့ ဒေသခံက ဆက်ပြောပါတယ်။

“တောထဲကိုပစ်တာ။ ရွာတွေဘက်ကို မပစ်တော့ ထိခိုက်မှုမရှိခဲ့ဘူး။ PDFတွေရှိတယ်ထင်ပြီး ပစ်ကြတဲ့ သဘောပါ။ သူတို့ဘက်က ထိရင်တော့ ရမ်းသမ်းလုပ်တာက သူတို့ရဲ့ ထုံးစံလေ။ ရွာထဲကို ဝင်လာပြီး မွှေတာမျိုး‌တော့ မရှိပါဘူး” လို့ သူကအခုလို ဆိုပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့အတွင်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ထိတွေ့ပစ်ခတ်မှုနဲ့ မိုင်းဆွဲတိုက်ခိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ၅ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေ အရ အတည်ပြုနိုင်ခဲ့ကာ ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်တွေဘက်ကလည်း ရဲဘော် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေ အရသိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ- CJ

Phar Si Than (People’s Radio Myanmar)