စစ်မှုထမ်းရှောင်ရှားနိုင်ဖို့ ကျေးရွာတစ်အုပ်စုကို ငွေကျပ်သိန်း (၁၀၀ )ပေးရမယ်လို့ အုပ်ချုပ်ရေးမှူးက ကောက်ခံနေ

ဧပြီလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေမှာ သင်္ကြန်ပြီးနောက်ပိုင်း စစ်မှုထမ်းဒုတိယအသုတ် အဖြစ် စတင်ပြန်လည် ခေါ်ဆောင်နေပြီး စစ်မှုထမ်းရှောင်ရှားနိုင်ဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကျေးရွာတစ်အုပ်စုကို  သိန်း( ၁၀၀) အထိ ‌ကောက်ခံနေတယ်လို့ ဒေသခံတွေပြောစကားအရ သိရပါတယ်။

အုတ်ဖိုမြို့နယ် လွှစင်၊ မတောင့်တ၊လေးတဲ၊ကျွန်းကောက်ပင်နဲ့ ရှမ်းရွာ ကျေးရွာတွေမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ အိမ်တစ်အိမ်ကို နှစ်သောင်းကျပ်မှ သုံးသောင်းကျပ်အထိ  ကောက်ခံနေတယ်လို့ အုတ်ဖိုဒေသခံ အမျိုးသားတစ်ဦးက People’s Radio Myanmar ကိုပြောပါတယ်။

“  အုပ်ချုပ်ရေးမှူးတွေက ပိုက်ဆံပေးတဲ့အိမ်အဆင်ပြေမယ်လို့ဆွဲဆောင်ပြီး ပိုက်ဆံစုတယ် စုတဲ့ရွာကစုနေပြီ မစုတဲ့ရွာကလည်း မစုသေးဘူး ပိုက်ဆံမပေးရင် အရေးယူမယ်လို့ပြောတာလည်းရှိတယ် ” လို့သူကပြောပါတယ်။

တောင်းထားတဲ့ ငွေပမာဏအတိုင်း မပေးဆောင်ပါက ကျေးရွာတစ်အုပ်စုကို လူသုံးယောက်မဖြစ်မနေ စစ်မှုထမ်းရမှာဖြစ်တဲ့အတွက် ကျေးရွာထဲက အမျိုးသားတစ်ချို့ဟာ အိမ်ပြင်ကိုတောင်မထွက်ရဲတဲ့အထိဖြစ်နေတယ်လို့ အုတ်ဖိုဒေသခံ ကိုသန်းကပြောပါတယ်။

“ အဲ့လိုလူစုတော့ကြောက်ကြတာပေါ့  အုပ်ချုပ်ရေးမှူးတွေညှိပြီး တစ်အုပ်စုကို သိန်းတစ်ရာပေး အဲ့လိုပေးရင် ကြုံတဲ့နေရာကနေ အစားထိုးဆွဲပြီးထည့်ပေးမယ်ပေါ့ ပိုက်ဆံပေးလည်း မလုံခြုံပါဘူး အပြင်တော့မထွက်နဲ့ တွေ့ရင် ဆွဲမယ်ဆိုတာမျိုးပေါ့” လို့သူကပြောပါတယ်။ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အုတ်ဖိုမြို့ပေါ်က လ္ဘက်ရည်ဆိုင်တွေမှာထိုင်နေတဲ့သူတွေနဲ့ ဆိုင်ကယ် နဲ့ ဖြတ်သန်းသွားလာသူ‌တွေကိုဖမ်းဆီးခေါ်ဆောင်တာမျိုးပြုလုပ်နေတယ်လို့လဲ အုတ်ဖိုဒေသခံ ကိုရောင်နီက ပြောပါတယ်။“ ယူနီဖောင်းတွေမဝတ်ထားဘူး ဆိုင်ကယ်တွေနဲ့ဝင်လာပြီးတော့ တွေ့ရာဖမ်းနေတာ ဆိုင်ကယ်ကိုစစ်သလိုလိုဘာလိုလိုနဲ့တားပြီးဖမ်းတာ” လို့သူကပြောပါတယ်။

ဒါ့အပြင် ဧပြီလ ၂၂ ရက်နေ့ကလည်း ပဲခူးတိုင်းအရှေ့ခြမ်း၊ ဖြူးမြို့ပေါ်မှာ နေ့ခင်းဘက်အချိန်  စစ်ကားတွေနဲ့ရောက်လာပြီး  အိမ်ပေါ်ထိတက်ကာ ပေါ်တာဆွဲ တာမျိုးတွေပြုလုပ်ခဲ့ပါသေးတယ်။

 

သတင်း- Naw Drizzle ပုံ- လူမှုကွန်ရက်