မတ္တအနောက်ခြမ်းက စစ်ရှောင် (၄၀၀) ကျော်ကို ကျေးရွာ ပကဖ ၂ ဖွဲ့က ဆေးဝါးသွားရောက်ကုသ

မေလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းက စစ်ရှောင်ပြည်သူတွေကို  ကျေးရွာ ပကဖ  အဖွဲ့ ၂ ဖွဲ့က နှစ်ရက်ဆက်တိုက် ဆေးကုသမှုပေးခဲ့တယ်လို့ ပြင်ဦးခရိုင် ပကဖ တပ်ဖွဲ့ဆီက  သိရပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ လူဦးရေ( ၆၀၀) ကျော်လောက်ရှိပြီး အဲဒီအထဲက ၄၀၀ ကျော်လောက်ကို ဧပြီလ ၆ ရက်နေ့ နဲ့ ၇ ရက်နေ့မှာ  မနက် ၈ နာရီက‌ နေ ညနေ ၅ နာရီကျော်တဲ့အထိ နှစ်ရက်ဆက်တိုက် မတ္တရာ ပကဖ နဲ့ ပြင်ဦးလွင် ပကဖတို့ ပူးပေါင်းပြီး ဆေးကုသပေးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် သတင်းတာဝန်ခံက People’s Radio Myanmar ကိုပြောပါတယ်။

“ရောဂါကတော့ ရာသီဥတုပြင်းထန်တော့ အပူကြောင့်ဖြစ်တဲ့ရောဂါတွေပေါ့ ချွေးအလွန်ထွက်ပြီး မူးဝေတာ အားနည်းတာ နာတာရှည်တွေလည်း ပါတယ်” လို့ သူကဆိုပါတယ် ။

ဆေးဝါးလိုအပ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ကူညီပေးပေမယ့် စစ်ရှောင်ဦးရေက များလာတဲ့အတွက် ကိုယ်ထူကိုယ်ထစနစ်နဲ့ပါ လုပ်ဆောင်နေရတယ်လို့ သူကဆက်ပြောပါတယ်။

“NUG က ကူညီတာရှိပါတယ် ဆေးဝါးကတော့ လိုအပ်နေဆဲပါပဲ ပြည့်စုံအောင်တော့ ဖြည့်ပေးနေရတာပါ ဆေးဝါးကူညီမှုပေးချင်တာမျိုး ဆေးဝါး လှူဒါန်းတာမျိုးတွေလဲ လိုအပ်နေပါတယ်”လို့ ဆိုပါတယ်။

ဆေးဝါးတွေအနေနဲ့ ဓာတ်ဆား၊လူကြီးတွေအတွက် အားဆေး၊ကိုယ်ဝန်ဆောင်တွေအတွက်အားဆေး၊ ကလေးတွေအတွက်သန်ချဆေး၊ ဆီးချိုစစ်တဲ့ ပစ္စည်းကိရိယာနဲ့ ဆေးဘက်ဆိုင်ရာသုံး နားကြပ် တွေ လိုအပ်နေတယ်လို့ လာရောက်ကုသပေးတဲ့ဆေးအဖွဲ့ဆီက သိရပါတယ်။

စစ်‌ဘေးရှောင်သူ တွေ ဟာ နေပူပြင်းတဲ့ သဲသောင် ပြင် နေရာမှာ နနေထိုင်ရတာ ကြောင့် ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှော အပူကြီးတာတွေဖြစ်နေတယ်လို့လည်း ဟင်္သာကုန်းကျေးရွာက စစ်ရှောင်အမျိုးသားကပြောပါတယ်။

“ခုလောလာဆယ်ကတော့ သွေးတိုးတွေ တော်တော်ဖြစ်နေတယ် စစ်ရှောင်က ကျွန်တော် တို့ရွာချည်းပဲဆို စစ်ရှောင်( ၅၀၀) ကျော်လောက်ရှိတယ် မနေ့ကတည်းက ဆေးအဖွဲ့က လာကုပေးတယ်။ ဝမ်းပျက်ဝမ်းလျှောတွေလည်းဖြစ်နေတယ်’ လို့ သူကဆိုပါတယ်။

ပြင်ဦးလွင် ပကဖ နဲ့ မတ္တရာ ပကဖ အနေနဲ့ တခြားမြို့နယ်တွေကိုဆက်လက် ကုသပေးဖို့ စီစဉ်နေတယ်လို့ ပြင်ဦးလွင်ခရိုင် တာဝန်ခံဆီက သိရပါတယ်။

ယင်းစစ်ရှောင်စခန်းမှာ မတ္တရာအနောက်ခြမ်းက ထန်ခြောက်ပင်၊ ငယ်တိုး၊ ဆောက်ချုံပေါက်၊ ဟင်္သာကုန်း၊ အေးကျွန်း ဟင်္သာရွာသစ် စတဲ့ ကျေးရွာတွေက ပြည်သူတွေလာရောက်စစ်ရှောင်နေတာပဲဖြစ်ပါတယ် ။

သတင်း- Naw Drizzle ပုံ- ပေးပို့