ရေးမြိုမှာ စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ စိတ်ကျန်းမာရေးမကောင်းသူတစ်ဦး ခြေထောက်ဖြတ်လိုက်ရ

မေလ ၈ရက်၊ ၂၀၂၄ ခုနှစ်။

မွန်ပြည်နယ်၊ ရေးမြိုမှာ  စစ်ကောင်စီတပ်သားတွေရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦး ခြေထောက်ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၅ရက်နေ့ ညနေ ၅နာရီ ၅၀ မိနစ်လောက်မှာ ရေးမြို့ အောင်မင်္ဂလာရပ်ကွက်ထဲရှိ စိုက်ပျိုးရေးဘဏ်မှာ အစောင့်လုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ  အသက် (၃၃) နှစ်အရွယ် ကိုဇူးဇူးဆိုသူကို အကြောင်းပြချက်မရှိဘဲ သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ညာဘက်ခြေထောက်ထိမှန်သွားပြီး ယမ်းအဆိပ်တက်သွားတဲ့အတွက်ဒူးခေါင်းလောက်ကနေ ဖြတ်ပစ်လိုက်ရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ သူကဈေးထဲမှာ သူများခိုင်းတာလိုက်လုပ်ပေးတယ်၊ သူ့ဘာသာသူကောင်းကောင်းသွားတာကို ပစ်တာ၊ အဲ့ဒါကို သူတို့မပစ်ဘူးခြောက်လိုက်တာတဲ့၊ အခုယမ်းအဆိပ်တက်ပြီး ခြေထောက်ဖြတ်ထားရတယ်၊” လို့သူကပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရသူမှာ စိတ်ကျန်းမာရေးမကောင်းသူဖြစ်ပြီး မိသားစုလည်း ချို့တဲ့တာကြောင့် ဈေးထဲမှာ အလုပ်လုပ်ကိုင်နေသူတွေက ဆေးကုဖို့အတွက် ထောက်ပံ့ပေးနေကြပြီး လက်ရှိအချိန် ရေးမြို့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ သူကဆက်ပြောပါတယ်။

“ သူကစိတ်မမှန်တာကြာပြီ၊ နှစ်နဲ့ချီနေပြီး၊ အခုဆေးရုံကမဆင်းရသေးဘူး၊ လုပ်တဲ့သူတွေက တာဝန်မယူကြဘူး၊” လို့ပြောပါတယ်။

အရင်က ရေးမြို့ထဲမှာ ကင်းပတ်တာမျိုးမရှိပေမဲ့ ဧပြီလ လကုန်ပိုင်းလောက်ကစပြီး စစ်တပ်က မြို့ထဲမှာ ကင်းပတ်တာနဲ့ သေနတ်ရမ်းသမ်းပစ်ခတ်တာတွေကို နေ့တိုင်းနီးပါးလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်တပ်က ရေးမြို့ထဲမှာ ည၆နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး အဲ့ဒီအချိန်မှာ ထွက်တဲ့ ဒေသခံပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးတာမျိုးတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။

သတင်း-ကိုဖြိုး
ဓာတ်ပုံ – Social Media
Phar Si Than(People’s Radio Myanmar)