ကော့ကရိတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

ဇန်နဝါရီ ၂၇ရက်၊၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းရပ်ကွက်တွေဖြစ်တဲ့ ချောင်းတောင်၊ တံတားဦးနဲ့ ဝင်းကြီးရပ်ကွက်တွေကို စစ်ကောက်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ဖြစ်ပွားနေတာ ၂လနီးပါးကြာမြင့်ခဲ့ပြီး စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ၊လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို မကြာခဏပြုလုပ်လေ့ရှိပါတယ်။

ဇန်နဝါရီလ ၂၇ ရက် ဒီနေ့မနက်၇ နာရီကျော်လောက်ကစပြီး ကော့ကရိတ်မြို့ထဲမှာ တိုက်ပွဲတွေ​ဖြစ်ပွားနေသလို စစ်တပ်ဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ချောင်းတောင်ရပ်ကွက်ရှိ ဒေသခံနေအိမ်တွေ မီးလောင်ကျွမ်းပျက်စီးနေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ဆိုပါတယ်။

“ဒီမနက်မှာ တိုက်ပွဲတွေက ဖြစ်နေတယ်၊ လက်နက်ကြီးတွေကော၊လက်နက်ငယ်တွေနဲ့ကော ပစ်သံတွေကြား​နေရတယ်၊ လေယာဥ်နဲ့လည်း မနက်အစောကြီးထဲက ဗုံးကြဲနေတယ်၊အခု ချောင်းတောင်ရပ်ကွက်ထဲမှာ ဗုံးကြဲလို့မီးလောင်တာတွေရှိနေတယ်၊ တိုက်ပွဲကဖြစ်နေတော့ ဗုံးကျင်းထဲကမထွက်ရဲဘူး၊အပြင်မှာဘယ်လိူအခြေနေရှိလဲမသိရဘူး၊” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့တွင်းမှာရှိတဲ့ ချောင်းတောင်၊တံတားဦးနဲ့ ဝင်းကြီးရပ်ကွက်တွေဘက်ကို ဇဒီကနေ့ မနက် ၁နာရီ ၁၂ မိနစ်မှာတစ်ကြိမ်၊ ၁နာရီ ၂၈မိနစ်မှာတစ်ကြိမ်နဲ့ ၅နာရီ ၂၈ မိနစ်မှာ တစ်ကြိမ် ၃ ကြိမ်တိုင်တိုင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ​ဒေသခံတွေက ဆိုပါတယ်။

ကော့ကရိတ်မြို့ဒေသခံတစ်ဦးက” ညကတည်းက လက်နက်ကြီးနဲ့ပစ်နေတာ၊ မနေ့က တစ်နေကုန်လက်နက်ကြီးပစ်တယ်၊ ညက ၁ နာရီကျော် ဗုံးသံကြားလို့ အိမ်အောက်ဆင်းပြေးရတယ်၊ လေယာဥ်နဲ့လာကြဲတာ၊ ၃ခါကြဲတယ်၊ဘာဖြစ်သွားလဲတော့မသိရဘူးအိမ်ထဲကမထွက်ရဲဘူး၊” လို့ပြောပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်တပ်က ဒေသခံတွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး ကင်းပတ်တာတွေ စစ်ကြောင်းထိုးတာတွေကို ပြုလုပ်နေတယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

“စကစဘက်ကလေကြောင်းတိုက်ခိုက်မှုနဲ့ ၂ဖက်မြေပြင်ထိတွေ့မှူတွေတော့ဖြစ်ပွားနေပါတယ် အသေးစိတ်ကိုတော့ဖြေကြားပေးလို့မရသေးပါဘူးခင်ဗျ၊” လို့ ကျားဖြူစစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ရက်နေ့ကနေ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ ၂လနီးပါးကြာ ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေ၊လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ အကြောင်းမဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၂၀ ကျော်သေဆုံးခဲ့သလို နေအိမ် ၂၀၀ ကျော်လဲမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောစကားအရ သိရပါတယ်။

 

သတင်း – ကိုဖြိုး

ဓာတ်ပုံ – ပုံဟောင်း

Phar Si Than (People’s Radio Myanmar)