
စက်တင်ဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အဝင် ကမြောင်းကင်းတံတားနဲ့ လောင်းလုံမြို့နယ် လမ်းပိုင်းတွေမှာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ကောင်စီတပ်တွေက အစစ်အဆေးတွေ တင်းကြပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
စက်တင်ဘာလ ၇ ရက်နေ့၊ မနက်ပိုင်းမှာ တံတားပေါ်က ဖြတ်သန်းသွားလာတဲ့ ကား၊ ဆိုင်ကယ်တွေကို စစ်သားနဲ့ ယာဉ်ထိန်းရဲတွေက စစ်ဆေးမေးမြန်းသလို ကားပေါ်ကလူတွေကိုလည်း လမ်းဆင်းလျှောက် ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ လောင်းလုံမြို့ပေါ်ရှိ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကမြောင်းကင်းတံတားမှာပြန်စစ်ဆေးနေတယ်။ ဆိုင်ကယ်တွေမှာအကုန်ရှာတာ။ ကားပေါ်ပါတဲ့ လူတွေကိုလည်း လမ်းဆင်းလျှောက်ဖို့ပြောတယ်။ အခုက စစ်သားရော မော်တော်ပီကယ်တွေပါ ပါတယ်” လို့ သူကအခုလိုပြောပြပါတယ်။
အလားတူ လောင်းလုံမြို့နယ် နေရာအနှံ့မှာလည်း စစ်ကောင်စီတပ်သား အင်အား ၂၀ လောက်နဲ့ ဆိုင်ကယ်တွေကိုအတင်းအကြပ်စစ်ဆေးတာ ကားပေါ်က လူတစ်ယောက်ချင်းစီတိုင်းရဲ့ ဖုန်းနဲ့ အိတ်တွေကိုပါ စစ်ဆေးနေတယ်လို့ စစ်ဆေးခံရတဲ့သူက အခုလိုပြောပါတယ်။
“ကမြောင်းကင်းတံတားမှာလည်း စစ်ခံရတယ်။ လောင်းလုံမြို့ထဲမှာလည်း ကားထဲပါလာတဲ့လူတွေကို အကုန်ဆင်းခိုင်းပြီး ဖုန်းရော၊ အိတ်တွေကိုပါစစ်တာ။ ဆိုင်ကယ်တွေကိုလည်း ဆိုင်ကယ်စာအုပ်တွေက အစ ပါမှလွတ်ပေးတယ်။ မပါတဲ့သူတွေကို ဒီတိုင်းထိုင်ခိုင်းထားတာတွေ့တယ်” လို့ သူကပြောပြပါတယ်။
လောင်းလုံမြို့နယ်ရဲ့ စစ်ဆေးနေတဲ့ နေရာတွေမှာတော့ စစ်သားတွေက ကင်းပုန်းချနေရာယူထား တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က လောင်းလုံမြို့နယ်၊ စမ်းလှမ်းကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးစံရွှေ ပစ်သတ်ခံရပြီး ဩဂုတ်လ ၂၆ ရက်နေ့ကလည်း စမ်းလှမ်းကျေးရွာရှိ ပျူစောထီးခေါင်းဆောင် ဦးအောင်ခင်ရဲ့ နေအိမ်ကင်းခန်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခံရတယ်လို့ ဒေသအတွင်း သတင်းအရင်းအမြစ်တွေအရသိရပါတယ်။
စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းမှာတော့ လောင်းလုံမြို့နယ်၊ မောင်းမကန်စာသင်ကျောင်းကို စစ်တပ်အကြီးပိုင်းတွေက လာရောက်စစ်ဆေးပြီး အခုလက်ရှိမှာတော့ အဲ့ဒီစစ်ကောင်စီတပ်တွေက နဘုလယ်ဒေသကိုရောက်ရှိနေတယ်လို့ ဒေသအတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)