
စက်တင်ဘာလ ၇ ရက် ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ်က စစ်ကောင်စီလက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
စက်တင်ဘာလ ၇ ရက်နေ့ မနက် ၁၀ နာရီ ၁၀ မိနစ်ဝန်းကျင်အချိန်မှာ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒရုန်းနဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဘက်မှ ခန့်အပ်ထားတဲ့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမင်း ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ ကမမောင်းမြို့ ဒေသခံတစ်ဦးကပြောပါတယ်။
“အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမင်း ဗုံးထိမှန်ပြီး ခြေတစ်ဖက်လက်တစ်ပြတ်ပြီး သေဆုံးနေတာ အခုမှတွေ့တယ် သူကရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုပေမဲ့လည်း သူ့ရုံးသူမဖွင့်ပဲ ထွေအုပ်ရုံးမှာလာလာပြီး အလုပ်လာလုပ်နေတယ် ဗုံးကသူ့နားမှာကပ်ကျတော့ ခြေတစ်ဖက်လက်တစ်ဖက်ပြတ်သွားတယ် တခြားဒဏ်ရာတွေလည်းရှိတာပေါ့ အုတ်တွေသံတွေနဲ့လည်းပိနေတော့ နာရီဝက်ကြာမှတွေ့တာ၊ ဗုံးကရုံးပေါ်မကျဘူး၊ ရုံးရှေ့အလံတိုင်နားကျတယ် ရုံးနောက်ဘက်ကျတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒရုန်းနဲ့ဗုံးကြဲခံရပြီးနောက် စစ်ကောင်စီ တပ်သားတွေအပါအဝင် စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့တွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရုံးအတွင်း လာရောက်စစ်ဆေးတာ၊ ဓာတ်ပုံမှတ်တမ်းရိုက်ကူးတာတွေကိုပြုလုပ်နေတယ်လို့ သူကဆက်ပြော ပါတယ်။
“ရုံးဝန်ထမ်းတွေရှိနေတယ် ဓာတ်ပုံတွေရိုက်နေတယ် သက်ဆိုင်ရာအဖွဲ့တွေလာကြည့်နေကြတယ် လောလောဆယ်တော့ ရုံးမပိတ်သေးဘူး အခု BGF နဲ့ စစ်တပ်က ၅ ယောက် အရပ်ဝတ်နဲ့လာတယ် မပိတ်သေးဘူး ရဲ BGF ပျူစောထီး ထွေအုပ်ဘောမတွေအများကြီးရောက်လာကြပြီး” လို့ သူကပြောပါတယ်။
ကမမောင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဟာ ၂၀၂၃ ခုနှစ်အတွင်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံနေရတာ ၅ ကြိမ်ထပ်မနည်းရှိနေပြီးဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလပိုင်းလောက်စပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၅ ယောက်လောက်ဟာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း အထိုင်ချတပ်စွဲထားတယ်လို့သိရပါတယ်။
ကရင်ပြည်နယ်ဒေသတွင်းမှာ ဇူလိုင်လ၊ သြဂုတ်လနဲ့ အခုစက်တင်ဘာလအထိ မြို့နယ် တော်တော်များများမှာ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေ၊ ဌာနဆိုင်ရာရုံးတွေ၊ စစ်ကောင်စီ စစ်ကြောင်းယာဥ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်တာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာတွေ ဆက်ရှိနေတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Federal Wings
Phar Si Than (People’s Radio Myanmar)