မယ်ထော်သလေးရွာ ကျားဖျန့်ခြံဝင်းကို ထိုင်းဘက်က လျှို့၀ှက်သွယ်တန်းထားတဲ့ အင်တာနက်လိုင်းကို ထိုင်းအာဏာပိုင်တွေ ရှာဖွေသိမ်းဆည်း

 မယ်ထော်သလေးရွာ ကျားဖျန့်ခြံဝင်းကို ထိုင်းဘက်က လျှို့၀ှက်သွယ်တန်းထားတဲ့ အင်တာနက်လိုင်းကို ထိုင်းအာဏာပိုင်တွေ ရှာဖွေသိမ်းဆည်း

By – People’s Radio Myanmar

Date – March 5, 2029

မဲဆောက်မြို့၊ မယ်တောင်ကျေးရွာ သောင်ရင်းမြစ်အနီးနားက ကားပါကင်ခြံဝင်းနေရာ မှာ မြန်မာဘက်ကမ်း KKpark တရုတ်ကျားဖျန့် ငွေလိမ်ခြံဝင်းနေရာဘက်ကို သောင်ရင်းမြစ်ကြမ်းပြင်အောက်ကနေ လျှို့ဝှက်ပိုက်လိုင်းနဲ့ သွယ်တန်းထားတဲ့ အင်တာနက်လိုင်းကြိုးတွေကို မတ်လ၅ရက်မနက်ပိုင်းမှာ မဲဆောက်အာဏာပိုင်အဖွဲ့တွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

တာ့ခ်ခရိုင် မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်အရ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ အထူးရဲတပ်ဖွဲ့ ၊ ထိုင်းစစ်တပ် ရာချာမနူ အထူးတပ်ဖွဲ့၊ ထိုင်းဆက်သွယ်ရေးနှင့် ထုတ်လွှင့်ရေးအာဏာပိုင်အဖွဲ့နဲ့ အလယ်ပိုင်းစုံစမ်းရေးရဲတပ်ဖွဲ့ (CIB)တို့ ပူးပေါင်းပြီး တရားရုံးအမိန့်နဲ့ ရှာဖွေစစ်ဆေးရေးလုပ်ငန်းတွေ လုပ်ခဲ့တာပါ။

အခုလို စုံစမ်းစစ်ဆေးမှုကို မဲဆောက်မြို့နယ် မယ်တောင်ကျေးရွာအုပ်စု ထိုင်း−မြန်မာနယ်စပ်သောင်ရင်းမြစ်အနီးက ကားပါကင်ခြံဝင်းနေရာမှာ အင်တာနက်လိုင်းအသုံးပြုမှု မြင့်မားနေတာနဲ့ပတ်သက်ပြီး Trueတယ်လီကွန်းကုမ္ပဏီဘက်က သတင်းပေးပို့လာတဲ့အတွက် ကွင်းဆင်းရှာဖွေစစ်ဆေးခဲ့တာလို့ သိရပါတယ်။

အဲ့ဒိခြံဝင်းက အဆောက်အအုံအတွင်းမှာ အင်တာနက်ကွန်ယက်စနစ်တပ်ဆင်ထားတဲ့ စက်ပစ္စည်းတွေအပြင် Network Managementစနစ်နဲ့ Gateway လိုင်းခွဲစက်ကရိယာတွေ တပ်ဆင်ထားပြီး အင်တာနက်ဝိုင်ဖိုင်လိုင်းကြိုးတွေကို သောင်ရင်းမြစ်ဖြတ်ပြီး ပိုက်လိုင်းနဲ့ ဆက်သွယ်ပို့လွှတ်နေတဲ့ Relay Node အဖြစ် အသုံးပြုနေတာကိုတွေ့ ရှိရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မဲဆောက်အာဏာပိုင်အဖွဲ့တွေက လျှို့ဝှက်အင်တာနက်ပို့လွှတ်နေတဲ့ စနစ်ကို ဖြတ်တောက်ပြီး ဆက်စပ်စက်ပစ္စည်းကိရိယာတွေကို သိမ်းဆည်းတာအပြင် အခုလိုနယ်စပ် ဖြတ်ကျော် အင်တာနက်လိုင်းသွယ်တန်းထားတဲ့ အမှုနဲ့ ပတ်သက်သူတွေကို ဆက်လက် စုံစမ်းရှာဖွေကာ ထိုင်းနိုင်ငံဆက်သွယ်ရေး ဥပဒေအရအရေးယူဆောင်ရွက်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေ သတင်းထုတ်ပြန်ထားပါတယ် ။

#thailand

#KKPark

#peoplesradiomyanmar

Leave a Reply

Your email address will not be published. Required fields are marked *