ဇုတ်သုတ်ရွာက ရဲသတင်းပေးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

မေလ ၂၄ရက် ၂၀၂၄ ခုနှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို၊ ဇုတ်သုတ်ကျေးရွာက ရဲသတင်းပေး ဦးသက်လွင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF သတင်းထုတ်ပြန်လာပါတယ်။

ရဲသတင်းပေး ဦးသက်လွင်ဦးကို မေလ ၂၃ ရက်နေ့ မနက် ၉ နာရီလောက်မှာ ဇုတ်သုတ်ရွာ ဆင်မင်းဘုရားနဲ့ တိုက်နယ်ဆေးရုံ လမ်းကြားမှာပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး သူ့ဆီကနေ လက်ပစ်ဗုံးနှစ်လုံးနဲ့ အိတ်တစ်လုံးကို သိမ်းဆည်းရမိခဲ့တယ်လို ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသူဟာ စစ်တပ်ကို တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းစုံစမ်းတာ၊ ပြည်သူတွေကို လက်နက်ပြခြိမ်းခြောက်တာနဲ့ စစ်မှုထမ်းဖို လူငယ်စာရင်းကောက်ခံတာတွေကို ပြုလုပ်နေတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို သူကဆက်ပြောပါတယ်။

“ လမ်းမှာဆိုင်ကယ်စီးရင်း ပစ်တာပါ၊ တော်လှန်ရေးအင်အားစုသတင်းတွေစုံစမ်းပြီး စစ်တပ်နဲ့ ရဲကို သတင်းပေးတဲ့ ဒလန်အကြီးစားဖြစ်တာရယ်၊ လက်နက်ပြခြိမ်းခြောက်တာတွေကြောင့် ရှင်းလင်းတာပါ၊ တရားဝင်လက်နက်ကိုင်ရ မကိုင်ရတော့မသိဘူးဗျ၊ လက်ပစ်ဗုံးနှစ်လုံးတော့ သိမ်းဆည်းရမိခဲ့တယ်၊” လို သူကပြောပါတယ်။

အဆိုပါ ပစ်ခတ်ရှင်းလင်းခံရသူဟာ ဘီးလင်းမြိုနယ် ပြည်ခိုင်ဖြိုးပါတီမှာ ကော်မတီဝင်တစ်ဦးဖြစ်သလို ပစ်ခတ်ရှင်းလင်းခံရပြီးနောက်ပိုင်းမှာလည်း စစ်တပ်က ပစ်ခတ်ခံရတဲ့ နေရာတစ်ဝိုက်မှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အလောင်းကိုတော့ ဘီးလင်းပြည်သူ့ဆေးရုံကို ယူဆောင်သွားတယ်လို ဒေသခံတစ်ဦးက ပြောပါတယ်။

“ သူ့ကိုပစ်ခတ်ခံရတယ်လို သတင်းကြားပြီးတော့ စစ်တပ်က စစ်ကားတွေနဲ့ ရောက်လာပြီး အဲ့ဒီနားမှာလမ်းပိတ်ပြီးစစ်တာတွေလုပ်တယ်၊ လမ်းမှာသွားတဲ့ဆိုင်ကယ်တွေကို ဘောက်ဖွင့်ခိုင်းပြီး စစ်တာတွေအကုန်လုံးကို လုပ်တယ်၊” လို သူကပြောပါတယ်။

ကျိုက်ထိုမြိုနယ်အတွင်းက စစ်တပ်သတင်းပေးတွေ၊ စစ်ကောင်စီတပ်ဖွဲဝင်တွေနဲ့ ရဲတပ်ဖွဲဝင်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေက မကြာခဏ ပစ်ခတ်ရှင်းလင်းတာတွေကို ပြုလုပ်နေတာပါ။

မေလ ၂၂ ရက်နေ့ ညနေပိုင်းလောက်ကလည်း ကျိုက်ထိုမြို၊ တောင်ပိုင်း၊ ရေတံခါးရပ်ကွက်မှာနေထိုင်တဲ့ လက်နက်ကိုင် ပျူစောထီး ဦးအုန်းမြင့်ကို ကျိုက်ထိုမြိုမရဲစခန်းလမ်းထိပ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေ ပစ်ခတ်ရှင်းခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

သတင်း-ကိုဖြိုး
ပုံစာ။ ဇုတ်သုတ်ကျေးရွာက ပစ်ခတ်ရှင်းလင်းခံရတဲ့ စစ်ကောင်စီသတင်းပေး ဦးသက်လွင်ဦး
Phar Si Than(People’s Radio Myanmar)