
မေလ ၃၁ရက် ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်ရှိ မြဝတီမြို့နဲ့ကော့ကရိတ်မြို့နယ်ကို ဆက်သွယ်ထားတဲ့ လမ်းတွေဖြစ်တဲ့ ထို့ကော်ကိုးလမ်းအပါအဝင်ကျန်တဲ့လမ်းပိုင်းနှစ်ခုမှာပါ မိုးအဆက်မပြတ်ရွာသွန်း နေလို့ သွားလာမရတာကြောင့် ဒေါနတောင်ပေါ်(လမ်းဟောာင်း)ကို မေလ ၂၉ ရက်နေ့မှာ အသုံးပြုသွားလာနေကြရပါတယ်။
အခုလို အသုံးပြုတဲ့ ဒေါနတောင်ပေါ် (လမ်းဟောင်း)မှာလဲ မိုးအဆတ်မပြတ်ရွာသွန်းတာကြောင့် မေလ ၃၀ရက်နေ့မှာတော့လမ်းအပျက်အစီးများပြီးအောက်ဗိုလ်တဲအကျော်လောက်မှာ ရွှံ့ေတွနစ်တဲ့အတွက် ကားတွေပိတ်မိနေတာေကြာင့် လမ်းလွှဲမောင်းနေရတယ်လို့ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။
“လမ်းဟောင်းကလည်းအသွားအလာမရတော့ဘူး လမ်းဟောင်းကနေဆင်းတဲ့ကားတွေအောက်ဗိုလ်တဲအကျော်လမ်းခွဲမြေနီလမ်းမှာဗွက်နစ်ပြီး လမ်းပိတ်သွားတယ်ရန်ကုတ်ရွာလမ်းဘက်နေပြီးတော့ သွားနေကြတယ် ပြီးတော့မနေ့ (မေလ ၂၉ရက်)ကလည်း ကားတွေလှဲတယ်”လို့သူကပြောပါတယ်။
မေလနောက်ဆုံးအပတ်ကနေစပြီး မိုးအဆတ်မပြတ်ရွာသွန်းကာ လမ်းတွေလည်း ပျက်စီးပြီးကားတွေလည်းသွားမရတာကြောင့် မြဝတီမြို့မှာလည်း မြန်မာပြည်ကနေပို့ဆောင်တဲ့ စားသောက်ကုန်တချို့အပြင် ကွမ်းရွက်မှာတစ်ပိဿာကို ၃၀၀၀၀ကျပ်ကနေ ၁၀၀၀၀၀ကျပ်အထိဈေးမြင့်တက်သွားတယ်လို့ မြဝတီမြို့ခံအမျိုးသားတစ်ဦးကဆိုပါတယ်။
“ဈေးကတော့တက်တာပေါ့ အောက်ကနေလာတဲ့ ဆန်၊ဆီ၊ဆား၊ငါးခြောက်အကုန်တက်တယ် တစ်ခါမှလည်းမကြားဖူးဘူး ကွမ်းရွက်တစ်ပိဿာကိုတစ်သိန်းတဲ့ ကွမ်းရွက်ကအောက်ကနေတက်လာတာလေ လမ်းပိတ်တော့နောက်ပိုဆိုးလာလိမ့်မယ် အခြေခံစားသောက်ကုန်တွေလည်းတဖြေးဖြေးဈေးတက်လာပြီး”လို့ဆိုပါတယ်။
အခုလိုလမ်းတွေပိတ်ဆို့တာအပြင်ထိုင်းဘတ်ငွေဈေးနှုန်းတွေမှာလည်း မတည်ငြိမ်တာကြောင့် အခုထပ်ပိုပြီး ကုန်ဈေးနှုန်းတွေထပ်မံမြင့်တက်လာမှာကိုစိုးရိမ်မှုတွေရှိနေတယ်လို့ မြဝတီမြို့မြို့ခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
ကရင်ပြည်နယ်ရှိ မြဝတီနဲ့ကော့ကရိတ်မြို့နယ်ကိုအဓိကသွားလာရာလမ်းဖြစ်တဲ့ ထို့ကော်ကိုးလမ်းပိုင်းအပါအဝင် ကြက်ဥတောင်လမ်း၊၁၀၁၈လမ်းပိုင်းတွေမှာပါ လမ်းအပျက်အစီးများပြီး ယာဉ်တိမ်းမှောက်တာတွေဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-လူမှုကွန်ယက်
Phar Si Than (People’s Radio Myanmar)