
ဇန်နဝါရီလ ၁၇ရက်နေ့၊ ၂၀၂၄ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် နေအိမ် ၄လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။
ဇန်နဝါရီလ ၁၆ရက်နေ့၊ မနက် ၆နာရီဝန်းကျင်လောက်မှာ ဝင်းဝရဲစခန်းမှာ အင်အား ၅၀လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတစ်ဦးက ဆိုပါတယ်။
“ ပစ်တဲ့အချိန် ဆဲဆို ကြိမ်းမောင်းပြီး ပစ်တာ။ မနက်အစောကြီးရှိသေးတယ်။ ကျနော်ကြားတာက စခန်းကို PDFတွေ လာပစ်တယ်” လို့သူက အခုလို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မင်းဒပ်ရွာက လူနေအိမ် ၄ဆောင် ထိခိုက်ပျက်စီးခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားချိန်အတွင်း နေအိမ်မှာ လူမရှိတာကြောင့် အရပ်သားထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။
သရက်ချောင်းမြိုနယ်ရှိ ဒေသခံတစ်ဦးက “ သူတို့ပစ်လိုက်လို့ ထိတဲ့အိမ်တွေမှာက လူမရှိကြတော့ဘူး။ ဒီအချိန်ဆို အလုပ်သွားကြတယ်လေ။ အိမ်မှာက အမိုးနဲ့ နဘေးက နံရံတွေပျက်စီးသွားတယ်” လို့သူက ပြောပြပါတယ်။
အခုလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် သရက်ချောင်းမြိုနယ်ထဲက ရငဲရွာ၊ ကျွဲမင်းကုန်းရွာ၊ ကျောက်ခမောက်ရွာ၊ ကနက်သီရိရွာစတဲ့ ရွာတွေက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို သိရပါတယ်။
ဇန်နဝါရီလ ၁၃ရက်နေ့ကလည်း ရေလမ်းကနေ သရက်ချောင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်သား အင်အား ၁၀၀လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အခုလက်ရှိမှာတော့ စုံစင်ဖျားရွာဘက်မှာ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနစ်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် သရက်ချောင်းမြို့နယ်အတွင်း နေအိမ် ၃၀ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ-CJ
Phar Si Than (People’s Radio Myanmar)