လက်ခတ်တောင်ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

ဇန်နဝါရီလ ၁၇ရက်၊ ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ လက်ခတ်တောင်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြဝတီမြို့ဒေသခံတွေဆီက သိရပါတယ်။

လက်ခတ်တောင်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင်လ ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် စစ်တပ်က တပ်စခန်းကို ပြန်လည်ရယူနိုင်ဖို့ လေကြောင်းဗုံးကြဲတိုက်ခိုက်လေ့ရှိပါတယ်။

ဇန်နဝါရီလ ၁၆ရက်နေ့ ညနေ ၄နာရီ ၂၀မိနစ်လောက်ကလည်း လက်ခတ်တောင် တပ်စခန်းကုန်းကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံး၂ လုံးကြဲချ တိုက်ခိုက်ခဲ့သေးတယ်လို့ မြဝတီမြို့ဒေသခံတွေက ဆိုပါတယ်။

“ လက်ခတ်တောင်မှာက ငြိမ်နေတာကြာပြီး၊ လေယာဉ်လာတဲ့အသံတွေ လက်နက်ကြီးပစ်တဲ့အသံတွေ မြဝတီမှာ မကြားရတာ တော်တော်ကြာနေပြီး၊ မနေ့ညနေကလည်း တိုက်ပွဲမဖြစ်ဘူး ဒီအတိုင်းလာကြဲတာ၊ နှစ်လုံးကြဲသွားတယ်၊ အသံကလည်း အကျယ်ကြီးဘဲ၊မီးခိုးတွေ အူထွက်လာတာ မြို့ထဲကနေတောင် မြင်ရတယ်၊” လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ ဇန်နဝါရီလ ၁၇ရက်နေ့ နေ့လည် ၁၂နာရီ ၄၇ မိနစ်လောက်မှာလည်း လက်ခတ်တောင်တပ်စခန်းကုန်းကို စစ်တပ်က လေကြောင်းနဲ့ ဗုံးတစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေနဲ့ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့  မြဝတီမြို့ဒေသခံတွေက ပြောပါတယ်။

“ လေယာဉ်ကတစ်စီးလာပစ်တယ်၊ တစ်လုံးဘဲ ၊ ပစ်ပြီးတော့ ပြန်သွားတယ်၊ အခုတော့ လက်နက်ကြီး နဲ့ဆက်တိုက်ထုနေတယ်၊ တစ်လုံးပြီးတစ်လုံးပစ်နေတယ်၊ အသံကြားနေရတယ်၊” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

မြဝတီမြို့အနီးရှိ ရွှေမြစန္ဒီရပ်ကွက်မှာလည်း ဒီဇင်ဘာလ ၄ ရက်နေ့လောက်ကစပြီး စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြားနှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေတာကြောင့် ဒေသခံ ၅၀၀ ကျော်ဟာ တစ်လကျော်ကြာတဲ့အထိ နေရပ်ပြန်လည်မနေထိုင်ရဲကြသေးဘူးလို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“ ရွာထဲမှာ အခုချိန်ထိ လူလာမနေကြသေးဘူး၊နည်းနည်းပါးပါးတော့လာနေကြတယ်၊ရွာသားတွေက ကြောက်ကြတယ်လေ၊ အခုချိန်ထိ ဘုန်းကြီးကျောင်းတွေမှာဘဲ နေနေကြသေးတယ်၊ ဒီတလောတော့ ပစ်တာခတ်တာတွေ မကြားရသေးဘူး၊” လို့ မဲကနယ်ကျေးရွာမှာ နေထိုင်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့တွေ တပ်စွဲနေထိုင်နေတဲ့ လက်ခတ်တောင်စခန်းကုန်းကို စစ်တပ်က ၁၀ ကြိမ်ထပ်မနည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် တောင်ပေါ်ရှိ ဘုရားဆင်းတုတော်တွေနဲ့ သာသနိကအဆောက်အအုံတွေ တော်တော်များများ မီးလောင်ပျက်စီးနေပြီဖြစ်တယ်လို့ Cobra Column ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

သတင်း- ကိုဖြိုး

ဓာတ်ပုံ- Social Media

Phar Si Than(People’s Radio Myanmar)