[videopress 10bhKpoY]
ဇန်နဝါရီလ ၁၇ရက်၊ ၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ရေးမြို့နယ်ရှိ မော့ကနင်ကျေးရွာအခြေစိုက် ခလရ (၁၀၆)တပ်ရင်းကို ရေးဘီလူးအဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီသားထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။
ဒီနေ့ဇန်နဝါရီလ ၁၇ရက်နေ့ မနက်၆နာရီဝန်းကျင်အချိန်မှာ မော့ကနင်အခြေစိုက် ခလရ(၁၀၆)တပ်ရင်းကို ရေးဘီလူးအဖွဲ့သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေလည်းဖြစ်ပွားခဲ့သလို စစ်သား၄ဦးလည်းသေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။
“မနက်ကတော့၆နာရီကျော်ကျော်လောက်ရှိမယ် တပ်တံခါးဖွင့်တဲ့အချိန်ပေါ့ သူတို့တန်းစီပြီး တန်းဖြုတ်တဲ့အချိန်ပေါ့နော်ဂိတ်တံခါးလာဖွင့်တဲ့အချိန်ကျွန်တော်တို့ ဝင်ရောက်တိုက်ခိုက်တာပေါ့ သူတို့ဘက်က၄ဦးကျတယ် ဒဏ်ရာရတဲ့သူလည်းရှိတယ်ပေါ့နော် သူတို့ဘက်ကပြန်လည် ပစ်ခတ်မှုလည်းရှိတယ် တပ်ရှေ့တည့်တည့်မှာတော့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်တယ်”လို့ သူကပြောပါတယ်။
ဒါ့အပြင် မနက်အစောပိုင်းအချိန်မှာတော့ စစ်တပ်ရဲ့ ၁၀၆တပ်ရင်းကနေပစ်ခတ်သံတစ်ချို့ကြားခဲ့ရပြီး မော့ကနင်ကျေးရွာအထွက်မှာရှိတဲ့ စစ်ဆေးရေးဂိတ်ကိုရေးဘီလူးအဖွဲ့ကမီးရှို့ဖျက်ဆီးခဲ့သလို အခုလက်ရှိအချိန်မှာလည်း စစ်တပ်ဘက်ကစစ်ဆေးတာတွေ၊ အပြင်ထွက်သွားလာတာမျိုးတွေတောင် မရှိတော့ဘူးလို့ ကျေးရွာသားတစ်ဦးကဆိုပါတယ်။
“မနက်၆နာရီကျော်ကျော်က ရေးဘီလူးအဖွဲ့၁၀၆တပ်ရင်းကိုဝင်ပစ်တာ အခုလောလောဆယ်တော့ဘာမှမကြားသေးဘူး ပြီးတော့မော့နင်အဝင်ဂိတ်ကို မီးဝင်ရှို့သွားတယ် ဒါ့ပေမဲ့အကုန်လုံးတော့မလောင်ဘူး သူတို့ထွက်သွားတဲ့အချိန်မှာ အဲ့ဒီဂိတ်မှာရှိတဲ့လူတွေက မီးငြိမ်းလိုက်တယ်စစ်ဆေးတာတွေဘာတွေဘာတွေတော့မရှိဘူး ထိခိုက်ဒဏ်ရာကျတော့အထဲမှာဖြစ်တာဆိုတော့မသိလိုက်ဘူးအခုသူတို့အပြင်တောင်မထွက်ရဲဘူးအဲ့လိုအနေအထားမျိုးဖြစ်နေတယ်”လို့ဆိုပါတယ်။
စစ်တပ်ရဲ့ ခလရ ၁၀၆တပ်ရင်းကိုဝင်ပစ်ပြီးနောက်ပိုင်းမှာလည်း မော့ကနင်ကျေးရွာ အထွက်ကစစ်ဆေးရေးဂိတ်မှာ စစ်တပ်လက်အောက်ခံ ငွေကြေးတောင်းခံသူတွေကိုဂိတ်အပြင်သို့ခေါ်ထုတ်ကာ ဂိတ်ကိုတော့မီးရှို့ဖျက်ဆီးခဲ့တယ်လို့ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။
ဇန်နဝါရီလ ၁၆ရက်နေ့ နေ့လည်၁နာရီဝန်းကျင်အချိန်တုန်းကလည်း ရေးမြို့နယ် ကျောင်းရွာကျေးရွာရှိ စကခ ၁၉လက်အောက်ခံ ခမရ၅၉၁ကိုလည်း ရေးဘီလူးအဖွဲ့က ၄၀မမနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလနဲ့အခုဇန်နဝါရီလနှစ်လအတွင်း မွန်ပြည်နယ်အတွင်းက နေရာအတော်တော်များများမှာ တိုက်ပွဲဖြစ်ပွားနေသလို ရေးမြို့နယ်အတွင်းက စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ၊တပ်စွဲထားတဲ့နေရာတွေနဲ့ စစ်တပ်စခန်းတွေမှာ မကြာခဏတိုက်ခိုက်ခံနေရတယ်လို့ ဒေသခံတွေရဲ့ပြောပါပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)