
မေလ ၂၀ရက် ၂၀၂၄
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ မြို့တွင်းပြန်လည်ထူထောင်ရေးအနေနဲ့ မီးကြိုးသွယ်တန်းတာတွေ၊ ရိက္ခာပေးတာတွေကို စစ်ေကာင်စီတပ်လက်အောက်ခံ ဝန်ထမ်းတွေကလုပ်ဆောင်နေပေမဲ့လည်း မြို့တွင်းပြန်လည်နေထိုင်သူတွေကိုသာ ရိက္ခာထောက်ပံ့တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဧပြီလအတွင်းမှာ ကော့ကရိတ်မြို့တွင်းပြန်လည်းနေထိုင်လို့ရပြီလို့ စစ်တပ်ကကြေညာပြီးနောက် ရိက္ခာအတွက် ခန်းမမှာ စာရင်းသွားပေးသွင်းရတာဖြစ်ပါတယ်။
ဒါ့အပြင်စာရင်းပေးသွင်းသူတချို့ကို စစ်တပ်လက်အောက်ခံဝန်ထမ်းတွေက ပုံး၁လုံး၊ ဆန်၈ပြည်၊ စောင်၁ထည်နဲ့ တခြားအိမ်သုံးပစ္စည်းအနည်းငယ်ပေးပြီးအခုလို ပေးတာဟာ မြို့တွင်းပြန်လည်နေထိုင်သူ များပြားလာအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။
“မီးကြိုးတွေကတော့လူမနေခင်ကတည်းကပြန်လည်ထူထောင်ရေးဆိုပြီးလဲထားတဲ့ဓာတ်တိုင်တွေပြန်ထောင်တယ် မြို့ထဲကနေပဲ မီးလွှတ်တော့မယ်ကြားတယ် ရိက္ခာကတော့ အခုစစ်ဘေးရှောင်တဲ့ နေရာမှာတွေ ရိက္ခာမပေးတော့ဘူး မြို့ထဲပြန်ဝင်မှပေးမယ် ပြောရရင်ဒါသူတို့စွယ်ယူတာပေါ့” လို့ သူကပြောပါတယ်။
အခုမေလ ဒုတိယအပတ်လောက်ကလည်း ငွေကြေး၂သိန်းသွားထုတ်ယူသူတွေကို ငွေကျပ် ၂၀၀၀ သာပေးခဲ့သလို မြို့တွင်းပြန်လည်နေထိုင်သူတချို့မှာလည်းရိက္ခာထောက်ပံ့တာတွေမရရှိခဲ့ဘူးလို့ မြို့ခံအမျိုးသားတစ်ဦးကဆိုပါတယ်။
“ပြန်နေတဲ့သူတချို့ကို သွားတိုက်ဆေး၊ဆပ်ပြာ တို့တစ်ယောက်နည်းနည်းပေါ့ လူစုံအောင်တော့မရဘူး ငွေ၂သိန်းပေးမယ်ဆိုပြီးဖြတ်ပိုင်းတွေသူတို့ပေးတာ အဲ့ဒီပိုက်ဆံလည်း သူတို့မရကြဘူးသွားထုတ်တဲ့ လူတချို့ကနှစ်ထောင်ရတယ်သူတို့ (စစ်ကောင်စီ)ဘက်ကို ဆွဲဆောင်တာပေါ့ ပြည်သူတွေကို စေတနာပါပါနဲ့ပေးတာမတွေ့သေးဘူး ကိုယ်တွေကတော့သွားလည်းမသွားဘူး စာရင်းလည်းမသွင်းဘူးယူလည်းမယူဘူး”လို့ ဆိုပါတယ်။
ကော့ကရိတ်မြို့နဲ့ အနီးအနားကျေးရွာတွေဖြစ်တဲ့ သာမညနဲ့ သာယာကုန်းကျေးရွာမှာ စစ်ရှောင်နေတဲ့ ပြည်သူတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ကော့ကရိတ်မြို့မှာ ပြန်လည်နေထိုင်ခိုင်းတာမျိုးတွေ ရှိနေပါတယ်။
ဒါ့အပြင်ကော့ကရိတ်မြို့ရှိ ခလရ (၉၇)တပ်ရင်းကနေ နေ့တိုင်းနီးပါးလက်နက်ကြီးနဲ့ ပစ်ခတ်နေသလို ဒေါနတောင်ကြောတစ်လျှောက်ကို စစ်ကြောင်းထိုးလာတဲ့ အောင်ဇေယျစစ်ဆင်းမှာပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့KNLAပူးပေါင်းတပ်ဖွဲ့တို့မှာနေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပွားနေတယ်လို့ KNLAပူးပေါင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-လူမှုကွန်ရက်
Phar Si Than (People’s Radio Myanmar)