မြဝတီမြို့အနီးတစ်ဝိုက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မင်းလက်ပံကျေးရွာက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရ

သြဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး လက်ခတ်တောင်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ မနက် ၅ နာရီလောက်ကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် မင်းလက်ပံကျေးရွာက ဒေသခံပြည်သူတစ်ချို့ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြဝတီမြို့၊ လက်ခတ်တောင်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေတာမှာ ၁ လနီးပါးကြာမြင့်နေပြီး ၁၀ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Cobra Column က ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာ လက်ခတ်တောင်တက်စခန်းကုန်းကို KNLA ပူးပေါင်းစစ်ကြောင်းတွေဖြစ်တဲ့ Cobra Column၊ ကျားသစ်နက်စစ်ကြောင်းနဲ့ Federal Wings တပ်ဖွဲ့တွေ တပ်စွဲထားပြီး စစ်ကောင်စီတပ်က လက်ခတ်တောင်တပ်စခန်းကို ပြန်လည်သိမ်းယူနိုင်ရန်အတွက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

“အလုံးကြီး သက်သက်ပစ်တာ၊ သေနတ်သံလည်းကြားရတယ်၊ ထုတာက ကွဲပြီးရင် အသံ ဟိန်းဟိန်းကြီး၊ ၅ နာရီလောက်ထဲကချတာ၊ အတွဲလိုက် ပစ်တဲ့ဟာတွေလည်းပါတယ်၊ တစ်ခါပစ်ရင် ၄၊ ၅ ချက် ဆက်တိုက်ကြားရတယ်၊ ည ၇ နာရီလောက်မှ သုံးလုံးလောက်ပစ်ပြီး ငြိမ်သွားတယ်” လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် မင်းလက်ပံကျေးရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး မင်းလက်ပံကျေးရွာမှာရှိတဲ့ အိမ်ခြေ ၄၀၀ နီးပါးလောက်က ဒေသခံ ၁၀၀၀ ကျော်လောက်ဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြဝတီမြို့ ဒေသခံတွေက ပြောပါတယ်။

“ပစ်တာက ထိုင်တော်မူဘက်၊ ကျောက်တောင်ဘက်၊ ရွှေတိဂုံပုံတူ အနောက်ကြော၊ စိမ်းလဲ့မြိုင်ကားဝင်းနဲ့ ၂၇၅ ဘက်ကနေ ပတ်ပတ်လည်ဘဲ လက်ခတ်တောင်ကိုပစ်တာ၊ အဲ့ဒီမှာ တစ်လုံးက မင်းလက်ပံရွာထဲကိုကျတယ်၊ မင်းလက်ပံမှာက လူ ၁၀၀၀ ကျော်လောက်ပြေးနေရတယ်” လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် မြဝတီမြို့အနီး လက်ခတ်တောင်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေပြီး စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်က ကျောက်လုံးကြီးဘုရားအနောက်ဘက်ရပ်ကွက်တွေဘက်မှာ စစ်အင်အားတွေတိုးချဲ့ထားတယ်လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

“BGF ကားတွေ ထွက်သွားတာ၊ ခဏခဏဘဲ၊ အစီး ၂၀ လောက်ရှိတယ်၊ ထိုင်တော်မူဘက်မှာ BGF စခန်းတစ်ခုရှိတယ်၊ အဲ့ဒီဘက်ကိုသွားကြတယ်၊ မနေ့ညကလည်း သွားတယ်၊ ဒီနေ့မနက်ပိုင်းလည်း သွားကြတယ်” လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအလုံး ၃၀၀ နီးပါးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေကြောင်းကနေ ၂ ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။

ကရင်ပြည်နယ်ထဲက ကော့ကရိတ်၊ မြဝတီ၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီးနဲ့ ဖာပွန်မြို့တွေမှာ တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူ၊ နေအိမ်၊ စာသင်ကျောင်းနဲ့ သာသနိက အဆောက်အအုံတွေ မကြာခဏ တိုက်ခိုက်ပျက်စီးနေတယ်လို့ ဒေသခံသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

သတင်း – ကိုဖြိုး

ဓာတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)