ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သွားရောက်ပစ်ခတ်လို့ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးသွား

[videopress 4vw8eeqS]

ဒီဇင်ဘာလ ၂၀ရက်နေ့၊ ၂၀၂၃ခုနစ်

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မောင်မယ်ရှောင်ရွာမှာရှိတဲ့ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DGRFရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။

ဒီဇင်ဘာလ ၁၈ရက်နေ့၊ နေ့လည် ၁နာရီလောက်မှာ အင်အား ၃၀လောက်နဲ့တပ်စွဲထားတဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို အလစ်သွားရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၁၅မိနစ်လောက် ဖြစ်ပွားခဲ့တယ်လို့ DGRFရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“ ကျနော်တို့ သွားပစ်တဲ့အချိန်ကနေပြီး ပြန်ဆုတ်လာတဲ့အချိန်ထိ အပြန်အလှန်ပစ်ခတ်မှုဖြစ်တွေဖြစ်ကြတယ်။ သူတို့ဘက်က အပြင်မှာ နှစ်ယောက်ဘဲ့ရှိနေတာ။ ကျနော်တို့က လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်” လို့သူကအခုလို ပြောပါတယ်။

အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်တွေဘက်က တပ်သားနှစ်ဦးဟာ အဆိုပါနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တိုက်ခိုက်မှုအတွင်း ပါဝင်တဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

“ ကျနော်တို့ပစ်လိုက်တဲ့ လက်နက်ကြီးတွေက အထဲမှာ သွားပြီးပေါက်ကွဲတယ်။ သေတဲ့နှစ်ယောက်ကတော့ ကျနော်တို့ရဲ့ ပစ်ကွင်းထဲ ဝင်နေတာ။ အဲ့၂ယောက်ကိုတော့ သေချာပစ်လိုက်ရတယ်။ ပစ်ခတ်မှုပြီးတော့ အရေးပေါ်ကားနဲ့ လာတင်သွားတယ်” လို့သူက ပြောပြပါတယ်။

အဆိုပါ ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ရဲဘော်နှစ်ဦး လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့်လည်း စိုးရိမ်ရတဲ့ အခြေအနေကို ကျော်လွန်နိုင်ခဲ့ပြီလို့ DGRFရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို DGRF တပ်ခွဲ(၂)နဲ့ ဥဩစစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ရက်နေ့ကလည်း မောင်မဲရှောင်ရွာရှိ ရှင်ဓာတ်ဝဲဘုရားအတွင်း အရက်သောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးခဲ့သေးတယ်လို့ ဒေသတော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

သတင်း-နော်အယ်နီး
ပုံ- DGRF
Phar Si Than (People’s Radio Myanmar)