စစ်ကောင်စီတပ်က လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့လို့ ညောင်ဇင်ရွာက အမျိုးသားတစ်ဦး သေဆုံး

May be a black-and-white image of 1 person, bath robe and text
ဇူလိုင်လ ၂၃ရက်နေ့၊ ၂၀၂၄ခုနစ်

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့လို့ ညောင်ဇင်ကျေးရွာက အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။

ဇူလိုင်လ ၂၀ရက်နေ့၊ နေ့လည် ၂နာရီခွဲလောက်မှာ ထားဝယ်မြို့နယ်ရှိ ရွှေဂူတံတား စစ်ဆေးရေးဂိတ်ကနေ ညောင်ဇင်ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ စာသင်ကျောင်းအနီးရှိ လယ်ကွင်းပြင်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လယ်ကွင်းထဲရှိနေတဲ့ အသက် ၆၀ အရွယ် ဦးမျိုးလွင်ကို လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီး နေရာမှဦတင် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံက ပြောပါတယ်။

“ ညောင်ဇင်ဘုန်းကြီးကျောင်းထဲမှာ စစ်တပ်က တပ်လာစွဲထားတယ်။ အဲ့နေ့က အိမ်တွေကို ဝင်စစ်တယ်။ ဝင်စစ်နေတဲ့အချိန်ကို ဟိုဘက်က လက်နက်ကြီးနဲ့ ပစ်တာ ဦးမျိုးလွင်က လက်နက်ကြီးပစ်လို့ လယ်ထဲ နွားသွားယူတာ။ ဗိုက်ပွင့်ပြီး နေရာမှာ ပွဲချင်းပြီးသွားတယ်” လို့သူက ပြောပြပါတယ်။

အခုလက်ရှိမှာလည်း ညောင်ဇင်ရွာ ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်သားတွေက အင်အား ၆၀လောက်နဲ့ ဆက်လက်တပ်စွဲထားတာ ၃ ရက်ခန့်ရှိပြီး ရွာထဲက ဒေသခံတွေကို ခေါ်ယူစစ်ဆေးတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ဒေသတော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ခံရမှာကို စိုးရိမ်လို့ အခုလို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်ကောင်စီတပ်တွေရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၃ဦး သေဆုံးခဲ့တယ်လို့ FE5 Tanintharyiရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း− နော်အယ်နီး
ပုံ− သေဆုံးသွားတဲ့ ဦးမျိုးလွင်
People’s Radio Myanmar (Phar Si Than)