သက္ကလမြို့အထွက်မှာ ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်သားတွေမိုင်းခွဲတိုက်ခိုက်ခံရ

ဇန်နဝါရီ ၁၆ ရက် ၊ ၂၀၂၄ ခုနှစ်

 

ပဲခူးတိုင်း ၊ ကဝမြို့နယ်၊ သက္ကလမြို့အထွက်မှာ ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Kawa People Defense Force – KAWA PDF ကထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၅ ရက် မနေ့က မနက် ၇ နာရီကျော်လောက်မှာ သက္ကလမြို့ စျေးကြီးရပ်ကွက်အရှေ့ပိုင်းရှိ မြို့အထွက်မှာ ဆိုင်ကယ် ၂ စီး ဝတ်စုံအပြည့်အစုံဝတ်ထားတဲ့ ရဲတပ်သား ၄ ဦးဟာ ခရီးသွား ပြည်သူတွေဆီကနေ ငွေကြေးကောက်ခံဖို့ဆိုင်ကယ်ပေါ်ကဆင်းချိန် ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ဆိုင်ကယ်အချို့ ထိမှန်သွားတယ်လို့ဆိုပါတယ်။

“ရွာတွေကနေတက်လာတဲ့ ခရီးသွားပြည်သူဆိုင်ကယ်တွေကိုဖမ်းဆီးပြီးငွေညစ်တယ်။ တချို့နေရာမှာဆို ဂိတ်တွေတောင်မရှိပဲ လာသမျှဆိုင်ကယ်တွေကို ဒီအတိုင်းငွေညစ်တာမျိုးတွေလုပ်တယ်။ ဒါတောင်မ ကသေးဘူး ရွာတွေဘက်အထိဆင်းပြီး ဆိုင်ကယ်ဖမ်းဆီးတာမျိုးတွေပါလုပ်တယ် ” လို့ ကဝ ပကဖ မှတာဝန် ရှိသူတဦးက ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဂိတ်မှာမနေရဲတော့ပဲ သက္ကလရဲစခန်းထဲကိုပြန်လည်ဝင် ရောက်သွားပြီး ခဏအကြာမှာတော့ လူအင်အားအများအပြား နဲ့ အဆိုပါ မိုင်းကွဲတဲ့နေရာမှာရှိတဲ့ နေအိမ်တွေ ကို စစ်ဆေးတာမျိုးတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီနေ့မနက်မှာတော့ အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ပုံမှန်စစ်ဆေးနေတာထက် ပိုတိုးပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်းဆိုပါတယ်။ယင်းတိုက်ခိုက်မှုကို ကဝမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (ကဝ ၊ ပကဖ)က သပြေညိုမြို့ပြစစ်ဆင်ရေး (၃) အဖြစ်မိုင်းခွဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

 

သတင်း − နောနော