ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်တွေမှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဧရာဝတီမြစ်ရေ ဆက်လက် မြင့်တက်လာနေ လို့ ဒေသတွင်းမှာ ကူညီကယ်ဆယ်ရေး တွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ပံတန်းမြို့နယ်က တော်လဿ၊ချောင်းသုံးခွ၊ ဂုံညင်းတန်း၊ ပေါက်တော နဲ့ လက်ပံတော ကျေးရွာတွေမှာ လူနေအိမ်တွေပါ မြုပ်ကုန်လို့ရေဘေးသင့်ဒေသခံတွေက လက်ပံတန်း တာပေါ်နဲ့ ကုန်းမြင့်တွေမှာ တဲထိုးပြီး ဖြစ်သလို နေနေကြရတယ်လို့ လက်ပံတန်းဒေသခံတစ်ဦးက People’s Radio Myanmar ကိုပြောပါတယ်။
“ ရေတွေက ထပ်တက်နေတယ် ၃ပေကနေ၊ ၆ ပေနီးပါးလောက်ထိ စိုးရိမ်ရေအမှတ်ထက် တက်လာတယ် ၊ လှေတွေနဲ့ သွားလာနေရတာပေါ့၊ လူသွားလမ်းတွေက ပေါ်တာလည်း ရှိတယ်၊ မပေါ်တာတွေလည်းရှိတယ်၊ မိုးက ဆက်တိုက်ရွာနေတာ။အခုကတော့ တာပေါ်နဲ့ ကုန်းမြင့်တွေပေါ်နေ နေကြရတယ်။” လို့ သူကပြောပါတယ်။
ဧရာဝတီ မြစ်ရေ ထပ်တိုး မြင့်တက်လာတာ ကြောင့် သီးနှံစိုက်ခင်းတွေနဲ့ ရိတ်သိမ်းခါနီးစပါးတွေ ပျက်စီးကုန်သလို ပဲနဲ့ နှမ်းတွေလည်း ပျက်စီးကုန်ပြီး စိုက်ခင်းတွေအားလုံးဆုံးရှုံးကုန်တယ်လို့ နောက်ထပ် လက်ပံတန်းဒေသခံတစ်ဦးကလည်း ပြောပါတယ်။
“ အကုန်ပျက်ကုန်ပြီ၊ ဘယ်ရတော့မလဲ၊ အပင်တွေအတော်ကြီးနေပြီလေ စပါးတွေက၊ ဘယ်ရှင်တော့မလဲ၊ ရေလွှမ်းတာ ရက်ကရှည်နေပြီ၊ နောက်နှစ်လ လောက်နေရင် ရိတ်သိမ်းလို့ရနေပြီ၊ ခုကတော့ အစေ့ပြန်ကြဲမှ မှီတော့မယ်။” လို့ သူကပြောပါတယ်။
လက်ပံတန်းမြို့နယ်ထဲမှာ ရေဘေးသင့်ပြည်သူဦးရေ ၁၅,၀၀၀ ခန့်က အရေးပေါ်အကူအညီတွေလိုအပ်နေပြီး ကူညီကယ်ဆယ်သူတွေရှိပေမယ့် နည်းပါးနေသေးတာကြောင့် ကူညီကယ်ဆယ်ရေးနဲ့ အလှူရှင်တွေ လိုအပ်နေသေးတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ပဲခူးမြစ်ရေဟာ ဒီကနေ့(ဇူလိုင် ၂၆)ရက်နေ့ တိုင်းထွာချက်အရ ပဲခူးမြို့စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီအောက် ၉ စင်တီမီတာမှာ ရောက်ရှိနေပြီး နောက်တစ်ရက်မှာ စိုးရိမ်ရေအမှတ်ကို ကျော်လွန် ရောက်ရှိ နိုင်တာကြောင့် ပဲခူးမြို့ အနိမ့်ပိုင်းမှာ ရှိတဲ့ ရပ်ကွက်တွေဖြစ်တဲ့ ဇိုင်းတောင်၊ဇိုင်းမြောက်၊ကျွန်းသာယာ၊ရပ်ကြီး(၇)၊ကလျှာဏီ၊မဇင်း၊အိုးလေးစု၊ရွာသစ်၊ကျောက်ကြီးစု၊မြိုသစ်(ဂ)နယ်မြေ ၁၂၊မြို့သစ်(င)ရပ်ကွက်တွေ သတိပြုနေထိုင်ကြဖို့လိုကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေအရသိရပါတယ်။
သတင်း- Drizzle
ပုံ- လူမှုကွန်ရက်