
ဇန်နဝါရီလ ၂၁ရက်နေ့၊ ၂၀၂၄ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဒေသခံတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။
ဇန်နဝါရီလ ၁၈ရက်နေ့၊ မနက် ၈နာရီလောက်မှာ စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်လောက်နဲ့ ဥတ္တူကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ညနေ ၄နာရီလောက်မှာတော့ အဲ့ဒီရွာက အိမ်နှစ်ဆောင်ကို စတင်မီးရှို့ခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတစ်ဦးက ဆိုပါတယ်။
“ အဲ့စစ်ကြောင်းက ကနက်သီရိရွာကနေ လှေနဲ့လာတဲ့ စစ်ကြောင်းပါ။ ရွာသားတွေကိုလည်း လက်ပြန်ကြိးတုပ်ပြီး အိမ်တွေကို လိုက်ပြခိုင်းတယ်။ ရိုက်နှက်တာတွေလည်းရှိတယ်” လို့သူက အခုလိုပြောပါတယ်။
အလားတူ ဇန်နဝါရီလ ၁၉ရက်နေ့ မနက် ၇နာရီလောက်မှာတော့ ဥတ္တူကျေးရွာထဲက နေအိမ် ၅ဆောင်ကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အချို့ကို ရိုက်ဖျက်တာနဲ့ ဆိုင်ကယ်တွေကိုလည်း ယူဆောင်သွားတယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံက ဆက်ပြောပါတယ်။
“ မွှေခံရတာက အိမ်အကုန်လုံးနီးပါးဘဲ။ မီးရှို့ခံရတဲ့ အိမ်တွေမှာတော့ ဆိုင်ကယ်တွေပါသွားတယ်။ ကျနော်တို့ ဆိုင်ကယ်လည်း ၂စီးပါသွားတယ်” လို့သူက ပြောပြပါတယ်။
စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ်ထဲကို ဇန်နဝါရီလ ၁၃ရက်နေ့ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ရငဲရွာ၊ ကျွဲမင်းကုန်းရွာ၊ ကျောက်ခမောက်ရွာ၊ ကနက်သီရိရွာ၊ ဥတ္တူရွာ၊ ပန်းပြင်ရွာစတဲ့ ရွာတွေက ဒေသခံတွေ စစ်ဘေးတိမ်းရှောင် နေရတယ်လို သိရပါတယ်။
ဇန်နဝါရီလ ၁၉ရက်နေ့၊ နေ့လည် ၁၂နာရီလောက်မှာတော့ ဥတ္တူရွာထဲကနေ စစ်ကြောင်းပြန်ထွက်သွားပြီး အခုလက်ရှိမှာတော့ ပန်းပြင်ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- ဥတ္တူကျေးရွာမှာ စစ်ကောင်စီတပ်က မီးရှို့ထားတဲ့နေအိမ်များ
Phar Si Than (People’s Radio Myanmar)