ကရင်ပြည်နယ်၊ဘုရားသုံးဆူမြို့မှာ ကျားဖျန်လုပ်ငန်းအတွက် ရောက်ရှိလာတဲ့ တရုတ်လူမျိုးတွေက လုံခြုံရေးတွေငှားပြီး သေနတ်ကိုင်ဆောင် တာတွေပါပြုလုပ် လာကြတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဧပြီလလောက်ကနေစပြီး ဘုရားသုံးဆူမြို့မှာ ကာစီနို၊ကျားဖျန့်လုပ်ငန်းတွေအတွက် တရုတ်လူမျိုးတွေအဆက်မပြတ်ဝင်ရောက်လာသလို အဲ့ဒီတရုတ်လူမျိုးတွေဟာ သူတို့ လုံခြုံရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေကို လိုက်လံငှားရမ်းနေတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“အခုဆိုရင် တရုတ်တွေက သက်တော်စောင့်အတွက် လုံခြုံရေးတွေလိုက်ငှားနေတယ် အဓိကကတော့ BGFတို့ DKBAတို့ကိုပဲသူတို့ငှားတာပေါ့ အခုကျားဖျန့်တရုတ်တွေ၁၀၀၀ ကျော်လောက်ရှိတယ် အိမ်တွေလိုက်ငှား မြေဝယ်တာတွေလည်းများလည်တယ်” လို့သူကပြောပါတယ်။
ဒါအပြင် ဘုရားသုံးဆူမြို့အတွင် တရုတ်တွေအများအပြားဝင်လာတဲ့အပြင် လက်နက်ကိုင်ဆောင်တာတွေလည်းရှိနေတာကြောင့် ဘယ်သူကလက်နက်ကိုင်အဖွဲ့အစည်းထဲကလည်းဆိုတာတောင်မသိတော့ဘူးလို့ မြို့ခံတွေကဆိုပါတယ်။
“တရုတ်တွေကအများအပြားပဲတစ်မြို့လုံးပြည်နေပြီ ဒီကောင်တွေက အတိုတွေခါးကြားထိုးပြီး မသိရင်လက်နက်ကိုင်လိုလိုဘာလိုလိုနဲ့ပဲ သုံးဆူမှာကဘာကောင်တွေမှန်းကိုမသိပါဘူး”လို့ဆိုပါတယ်။
ဘုရားသုံးဆူမြို့မှာ ကာစီနို၊ကျားဖျန့်လုပ်ငန်းလောင်းကစားဝိုင်းတွေများပြားလာတာကြောင့် နေအိမ်ဖောက်ထွင်းတာ၊ဆိုင်ခန်းဖောက်ထွင်းတာတွေအပြင် ဆိုင်ကယ်ခိုးမှုတွေလည်းနေ့တိုင်းနီးပါးဖြစ်ပေါ်နေတယ်လို့ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
Phar Si Than (People’s Radio Myanmar)