
နိုဝင်ဘာလ ၂၈ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အံဖလေးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သာမဏေ (၂) ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆွက သိရပါတယ်။
ကော့ကရိတ်မြို့မှာ နိုဝင်ဘာလ အစပိုင်းလောက်ကစပြီး စစ်ကောင်စီတပ် လက်အောက်ခံ ခမရ (၉၇) တပ်ရင်းနဲ့ လှိုင်ဝအမြောက်ကုန်းကနေ လက်နက်ကြီးနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေဘက်ကို ညတိုင်းနီးပါး ရမ်းသမ်းပစ်ခတ်နေတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်လောက်ကလည်း စစ်ကောင်စီတပ်လက်အောက်ခံ လှိုင်ဝအမြောက်ကုန်းကနေ တိုက်ပွဲ ဖြစ်ပွားတာတွေမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အံဖလေးကျေးရွာအတွင်း လက်နက်ကြီး (၄) လုံးကျရောက်ပေါ်ကွဲခဲ့ပြီး သာမဏေ (၂) ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
” ရွာထဲကို လေးလုံးကျတာ၊ တစ်လုံးက အံဖလေးရွာထဲက ဘုန်းကြီးကျောင်းကို ကျတာ၊ ကိုရင်တွေက အသက်ငယ်ငယ်လေးတွေ၊ တစ်ပါးက (၁၆)နှစ်၊နောက်တစ်ပါးက (၁၄) နှစ်၊ ပေါင်နားမှာထိတာ၊ မစိုးရိမ်ရပါဘူး၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေမှာ သက်တော် (၁၆) နှစ်ရှိတဲ့ ရှင်ဣန္ဒြိယနဲ့ သက်တော် (၁၄) နှစ်အရွယ် ရှင်ထေရိဒ္ဒတို့ဖြစ်ပြီး ဘုန်းကြီးကျောင်းဆောင်နဲ့ ရေချမ်းစင်တို့လည်း လက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်ကလည်း ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံတွေ (၁၀) မိနစ်နီးပါး ကြားခဲ့ရတယ်လို့ ကော့ကရိတ်မြို့ မြို့တော်ဦးရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
” တစ်ချက်ဘဲ ကြားရတာ၊ အကြီးကော အသေးကော၊ (၁၀) မိနစ်လောက်ကြာတော့ ငြိမ်သွားတယ်၊ အခုတော့ ငြိမ်နေတယ်၊ မြို့ထဲမှာလည်း တိတ်ဆိတ်လို့၊ လူတွေက ကြောက်ကနေကြတယ်၊” လို့ မြို့တော်ဦးရပ်ကွက်မှာ နေထိုင်တဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် ကရင်ပြည်နယ်ထဲက ဘားအံနဲ့ လှိုင်းဘွဲ မြို့နယ်မှအပ ကျန်မြို့နယ် (၅) မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေသလို့ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပေါ်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံပြည်သူ အများစုဟာ ဘေးလွတ်ရာမြို့တွေနဲ့ ကျေးရွာတွေဘက်ကို ဘေးလွတ်ရာ ပြောင်းရွေ့နေထိုင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့မှာ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ (၂) ဦးသေဆုံးကာ (၁၀) ယောက်ကျော် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၀) လုံးနီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒူးပလာယာခရိုင်ရဲ့ သတင်းနဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ – Karen National Union
Phar Si Than (People’s Radio Myanmar)