
ဇန်နဝါရီလ ၁၅ရက်နေ့၊ ၂၀၂၄ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ထဲရှိ ကျေးရွာတွေက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက မွှေနှောက်ရှာဖွေပြီး ဒေသခံတွေရဲ့ ရွှေငွေတွေအပြင် တန်ဖိုးရှိပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတွေဆီကနေသိရပါတယ်။
စစ်ကောင်စီတပ်တွေက ဇန်နဝါရီလ ၁၃ရက်နေ့၊ ညသန်းခေါင်ယံအချိန်လောက်မှာ သရက်ချောင်းမြို့နယ်ထဲရှိ ကနက်သီရိရွာထဲကို ရေလမ်းကနေ အင်အား ၁၀၀ဝန်းကျင်လောက်နဲ့ ဝင်ရောက်လာဖြစ်တယ်လို့ သရက်ချောင်းမြို့နယ်ရဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ ဝင်းဝရဲစခန်းကနေ ထွက်လာတာက ၄၀လောက်ရှိတယ်။ ရေလမ်းကနေပြီးတော့ လှေတွေနဲ့ဝင်လာတာက ၁၀၀ကျော်လောက်ရှိတယ်” လို့သူက အခုလိုပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ရွာထဲကို ဝင်လာတဲ့အချိန် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်တာကြောင့် ဒေသခံတွေက ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားတွေက ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံအချို့ကို လမ်းမှာဖမ်းဆီးပြီး ဖမ်းခံရတဲ့ ဒေသခံတွေဆီကနေ ရွှေငွေတွေနဲ့ ငွေကြေး သိန်း၁၀၀ကိုလည်း ယူဆောင်သွားတယ်လို့ ကနက်သီရိရွာ ဒေသခံတစ်ဦးက ပြောပြပါတယ်။
“ လူတွေထွက်ပြေးနေတဲ့အချိန် တော်တော်များများ ဖမ်းမိကြတယ်။ စစ်ရှောင်ကြတာဆိုတော့ ရွှေတွေ ပိုက်ဆံတွေကို မထားခဲ့ဘူးလေ။ ဖမ်ခံရတော့ အကုန်လုခံလိုက်ရတာပေါ့” လို့သူက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ဖမ်းထားတဲ့ ပြည်သူတွေကို ဇန်နဝါရီလ ၁၄ရက်နေ့ ညမှာ ပြန်လွှတ်ပေးလိုက်ပြီး ဇန်နဝါရီလ ၁၅ရက်နေ့မနက်မှာတော့ နေအိမ်တွေကနေ ခိုးယူသွားတဲ့ပစ္စည်းတွေကို လှေနဲ့ သယ်ယူနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုလို စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် သရက်ချောင်းမြို့နယ်ထဲက ရငဲရွာ၊ ကျွဲမင်းကုန်းရွာ၊ ကျောက်ခမောက်ရွာ၊ ကနက်သီရိရွာစတဲ့ ရွာတွေက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အခုလက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေက ရေကြောင်းကနေ ပြန်လည်ထွက်ခွာသွားပြီး သရက်ချောင်းမြို့နယ်ထဲက ဂုံညင်းဆိပ်ရွာကို ရောက်ရှိနေတယ်လို့ နယ်မြေခံသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- Cj
Phar Si Than (People’s Radio Myanmar)