ပုလောမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ (၅)ဦးနဲ့ နေအိမ် (၂)လုံးထိခိုက်ပျက်စီး

နိုဝင်ဘာလ ၂၈ရက်နေ့၊ ၂၀၂၃ခုနစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်၊ ပလမြို့ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ပလမြို့နဲ့ ပဝတ်ဖျားရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခဲ့တာကြောင့် ဒေသခံ (၅)ဦးနဲ့ နေအိမ် (၂)လုံးထိခိုက် ပျက်စီးခဲ့တယ်လို့ ပုလောမြို့နယ်‌ဒေသခံတွေဆီက‌နေ သိရပါတယ်။

နိုဝင်ဘာလ ၂၄ရက်နေ့၊ နေ့လည် ၁နာရီလောက်မှာ ပလမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စစ်ကောင်စီသတင်းပေးဆိုတဲ့ အမျိုးသားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်က သွားရောက်ဖမ်းဆီးခဲ့ပြီး နေ့လည် ၂နာရီလောက်မှာတော့ ပလမြို့ရဲစခန်းထဲ တပ်စွဲထားတဲ့ စစ်ကောစီတပ်သားတွေက ပလမြို့ထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။

“ ကျနော်တို့ စစ်ကောင်စီသတင်းပေးဆိုပြီး သံသယရှိလို့ သွားရောက်ဖမ်းဆီးခဲ့တာပါ။ တစ်နာရီလောက်ကြာမှာတော့ ပလရဲစခန်းက စစ်သားတွေက လက်နက်ကြီးနဲ့ ရမ်းပစ်ပါတော့တယ်” လို့ သူကအခုလိုပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပလမြို့ပေါ်က အသက် ၇၀အရွယ် အဘွားအိုတစ်ဦး အပါအဝင် ဒေသခံ အမျိုးသား (၂)ဦးနဲ့ အမျိုးသမီး(၂)ဦးလည်း ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦးက လည်ပင်းမှာ ကျည်ထိမှန်ဒဏ်ရာရတာကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပလမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

“ စစ်တပ်တွေက တိုက်ပွဲဖြစ်ဖြစ်၊ သူတို့ဘက်က ထိခိုက်တာဖြစ်ဖြစ် ပြည်သူတွေကိုဘဲ့ ဦးတည်ပြီးတိုက်ခိုက်တယ်။ အခုလည်း စခန်းထဲကနေ မြို့ထဲမှာ လူတွေရှိမှန်းသိလျက်နဲ့ ပစ်တာက တော်တော်ကိုလွန်နေပြီ” လို့သူကအခုလို ပြောပါတယ်။

အလားတူ နိုဝင်ဘာလ ၂၄ရက်နေ့မှာဘဲ့ ပဝတ်ကုန်းကျေးရွာအုပ်စု၊ ပဝတ်ဖျားရွာဘက်ကိုလည်း အဲ့ဒီစစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦး ခြေထောက်မှာ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို လက်နက်ကြီးပစ်ခတ်တာကြောင့် ပလမြို့က နေအိမ်တစ်လုံးနဲ့ ပဝတ်ဖျားရွာက နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ ဂိတ်နဲ့ စခန်းတွေကို သွားရောက်တိုက်ခိုက်ခဲ့အချိန် စစ်ကောင်စီတပ်တွေဘက်က အရပ်သားပစ်မှတ်တွေကိုဘဲ့ အဓိကထားလုပ်ဆောင်လာကြတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ရဲ့ ပြန်ကြားရေးတာဝန်ခံက အခုလိုပြောပါတယ်။

“ သူတို့ကို သွားတိုက်တဲ့အခါမှာ သူတို့ဘက်ကနေ အရပ်သားထိခိုက်မှုကို လုံဝမထည့်တွက်ပဲ လက်နက်ကြီးပစ်တာတွေ အမြဲလုပ်တယ်။ ကြာလာတော့ရိုးသွားတယ်။ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်သွားတယ်။ မည်သို့ပင်ဖြစ်စေ အဲ့ဒါက စစ်ရာဇဝတ်မှုပဲ။ အဲ့ဒါကို ကျတော်တို့ မမေ့ဖို့လိုတယ်” လို့သူကဆိုပါတယ်။

ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးတာ ၁၀ဦးထက်မနည်းရှိပြီး နေအိမ် (၂၀)ကျော်နဲ့အထက် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တနင်္သာရီတိုင်းအတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားချက်တွေ အရသိရပါတယ်။

 

သတင်း – နော်အယ်နီး

ပုံ – CJ

Phar Si Than (People’s Radio Myanmar)