မြဝတီ-ကော့ကရိတ်တောင်ပေါ်လမ်းဟောင်းမှာ ငွေကြေးကောက်ခံနေတဲ့ဂိတ် ၁၀ ခုထပ်မနည်းရှိနေ

သြဂုတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် တောင်ပေါ်လမ်းဟောင်းမှာ ငွေကြေးတောင်းခံနေတဲ့ ဂိတ်ပေါင်း ၁၀ ခုထပ်မနည်းရှိနေတယ်လို့ ယာဥ်မောင်းတွေထံမှ သိရပါတယ်။

သြဂုတ်လ ၇ ရက်နေ့ မနက်ပိုင်းအချိန်ပိုင်း မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးမြေပြိုကျကာ လမ်းပျက်စီးခဲ့တာကြောင့် ခရီးသယ်တင်ယာဥ်မော်တော်ကားတွေမှာ တောင်ပေါ်လမ်းဟောင်းကနေ သွားလာနေကြတယ်လို့ ဆိုပါတယ်။

တောင်ပေါ်လမ်းဟောင်းမှာသွားလာနေကြတဲ့ ခရီးသယ်တင်ယာဥ်မော်တော်ကားတွေကို အပစ်ရပ် DKBA နဲ့ PCအဖွဲ့၊ စစ်ကောင်စီတပ်လက်အောက်ခံ BGF၊ စစ်ကောင်စီတပ်နဲ့ ကျေးရွာရှိ KNU တပ်ဖွဲ့တွေဘက်မှ ငွေကြေးကောက်ခံနေကာ ဂိတ်ပေါင်း ၁၀ ခုထပ်မနည်းရှိနေပြီး လမ်းပိုင်းအတွင်း လေးသောင်းကျော်ကုန်ကျတယ်လို့ ယာဥ်မောင်းတစ်ဦးကပြောပါတယ်။

“တောင်ပေါ်လမ်းမှာက အားလုံးလေးသောင်းကျော်လောက်ကုန်တယ် ဂိတ်တွေများတယ် တစ်ဂိတ်ကို ၅ ထောင် ၃ ထောင် လမ်းဟောင်းကသွားတာလေ ဂိတ်က ၁၁ ဂိတ် သူတို့ကစုံတော့စုံတယ် BGF လည်းရှိမယ် PDF လည်းရှိရင်ရှိမှာပေါ့ ဘာစာရွက်မှမလိုဘူး လက်ဖက်ရည်ဖိုးပေးရင်ရပြီ” လို့ သူကပြောပါတယ်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမပျက်စီးခင်တုန်းကလည်း ကုန်တင်ကားယာဥ်ကြီးတွေ သွားလာတဲ့အခါမှာလည်း ကော့ကရိတ် ဘုရားလေးကွေ့ကနေ မြဝတီကုန်သွယ်ရေးဇုန်အထိကို ဂိတ်ကြေး တစ်သိန်းရှစ်သောင်းထိပေးရပြီး ပွဲစားတွေနဲ့တစ်ဆင့်ခံဂိတ်ကြေးဖြတ်တဲ့အခါမှာတော့ တစ်သိန်းနှစ်သောင်းကျပ်သာပေးဆောင်ရတယ်လို့ ကုန်တင်ကားယာဥ်မောင်းတစ်ဦးကပြောပါတယ်။

“ကားတော်တော်များများက အေးဂျင့်နဲ့ဖြတ်နေကြတာ ဘုရားလေးကွေ့ကနေ လမ်းဟောင်းလမ်းသစ် လမ်းစုံအထိ တစ်သိန်း၊ ကော့ကရိတ်ဘက်ခြမ်း ဘုရားလေးကနေ မြဝတီဇုန်ထဲအထိ ၁၂၀၀၀၀၊ အေးဂျင့်မငှားဘူး ကိုယ့်ပါသာသွားရင် ကော့ကရိတ်ဘက်ခြမ်းဘုရားလေးကနေ မြဝတီဇုံအထိ ၁၈၀၀၀၀ ကုန်တယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင် မြဝတီကုန်သွယ်ရေးဇုန်ကနေ မြဝတီမြို့အဝင်နားအထိကိုလည်း ဂိတ် ၄ ဂိတ်ရှိကာ တစ်ဂိတ်ကို ၅၀၀၀ ကနေ ၁၅၀၀၀ ထိပေးဆောင်ရတယ်လို့ သူကပြောပါတယ်။

အခုလို မြဝတီ-ကော့ကရိတ်ကိုသွားလာရတဲ့လမ်းတွေမှာ ပျက်စီးတာတွေအပြင် ဂိတ်ကြေးအများအပြား ပေးဆောင်ရတာ၊ တိုက်ပွဲဖြစ်ပွားတာတွေကြောင့် ကုန်ကားမောင်းသူတွေမှာ သွားလာမရပဲ ကားအသွားအလာရပ်နားထားရတယ်လို့ ယာဥ်မောင်းတွေကဆိုပါတယ်။

ကရင်ပြည်နယ်အတွင်းက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေဘက်မှာ ရေကြီးရေလျှံတာတွေဖြစ်ပေါ်နေတဲ့အပြင် ဒေသတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေတယ်လို့ KNLA စစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)