ကော့သောင်းအကျဉ်းထောင်မှာ နိုင်ကျဉ်းတစ်ဦးသေဆုံး

ကော့သောင်းအကျဉ်းထောင်မှာ နိုင်ကျဉ်းတစ်ဦးသေဆုံး

 

By – Khin

Date – July 2, 2025

 

တနင်္သာရီတိုင်း ၊ ကော့သောင်းအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ဦး နာမကျန်းဖြစ်လို့ ဆေးကုသမှု ခံယူနေချိန် သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ပြီးခဲ့တဲ့ဇွန်လ ၃၀ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

 

ပြီးခဲ့တဲ့ဇွန်လ(၂၆)ရက်နေ့က အသက် (၅၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဦးအေးလွင်ဟာ ကော့သောင်းမြို့ကနှစ်မိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

နာမကျန်းဖြစ်တဲ့အချိန်မှာ ထောင်တွင်းကနေဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် အချိန်နှင့်တပြေးညီ လုံလောက်တဲ့ဆေးဝါးကုသမှု မရရှိဘဲ အရေးပေါ်သေဆုံးခဲ့ရတယ်လို့ PPNM က စုံစမ်း သိရှိရကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

“ဇူလိုင်လ(၁)ရက်နေ့သိရှိချက်အရ ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးတယ်လို့သိရပါတယ်၊ ရောဂါအခံတွေကြောင့်အရေးပေါ်ဆုံးတာမဟုတ်ဘဲ ရုတ်တရက်ဦးနှောက်သွေးကြောပြတ်ပြီးဆုံးတဲ့သဘောပါ” လို့ PPNM ရဲ့ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက People’s Radio Myanmarကိုပြောပါတယ်။

 

အကျဉ်းဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေဆုံးမှုတွေကိုပြင်ပမပေါက်ကြားအောင် စိစစ်လုပ်ဆောင်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေရှိတဲ့အတွက် မိသားစုဝင်တွေနဲ့တိုက်ရိုက်ချိတ်ဆက်မနိုင်လို့ အချက်အလက်တွေစုံစမ်းရခက်ခဲတယ်လို့သူကဆက်ပြောပါတယ်။

 

PPNMရဲ့ စောင့်ကြည့်လေ့လာစိစစ်မှုတွေအရ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိလို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား၊ အကျဉ်းသူ ၁၃ဦးအထိရှိလာပြီဖြစ်တယ်လို့ ထပ်မံသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *