စစ်ကောင်စီတပ်ကကြာအင်းဆိပ်ကြီးမြို့တွင်းကိုလက်နက်ကြီးတွေနဲ့ချိန်ထားတာကြောင့် ဒေသခံတွေမှာထွက်ပြေးတိမ်းရှောင်နေရ

နိုဝင်ဘာလ ၂၈ရက်၊ ၂၀၂၃ခုနှစ်

 

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ချိန်ထားတာကြောင့် ဒေသခံပြည်သူတွေမှာ မြို့တွင်းမနေရဲကြတော့ပဲ အနီးအနား ကျေးရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်တိမ်းရှောင်နေရတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၂ရက်နေ့မှာ ကြာအင်းဆိပ်ကြီးမြို့တွင်းစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် စစ်ကောင်စီတပ်ဘက်က ဆေးရုံးဝင်းအတွင်းက (၄)ထပ်ဆောင်ပေါ်ကနေ လက်နက်ကြီးတွေကို မြို့တွင်းချိန်ထားတာ စစ်ကောင်စီတပ်သားတွေ ကင်းစခန်းအနီးမှာ မိုင်းတွေထောင်ထားတာကြောင့် ဒေသခံတွေမှာမနေထိုင်ရဲတော့ဘူးလို့ဆိုပါတယ်။

လူဦးရေ (၁၀၀၀၀) ဝန်းကျင်ရှိတဲ့ ကြာအင်းဆိပ်ကြီးမြို့က လူဦးရေ သုံးပုံနှစ်ပုံမှာ ဘုရားသုံးဆူမြို့အနီးအနားကျေးရွာနဲ့ ဘုန်းကြီး ကျောင်းတွေမှာသွားတွေရောက်နေထိုင်နေကြတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

“ပြေးနေရတာ မြို့ထဲမှာလက်နက်ကြီးတွေထောင်ထားလို့ နေမရဲလို့ပြေးကြတာ မွန်ဘက်ခြမ်းကိုပြေးကြတယ် ထီးပေါ့ကလိုးရွာဘက်ကိုကော ဆေးရုံလေးထပ်ဆောင်မှာ လက်နက်ကြီးတွေက မြို့ထဲမှာလည်းသူတို့နေတဲ့တစ်ဝိုက်မိုင်းတွေထောင်ထားတယ် အများအားဖြင့်တော့ပြေးကုန်ကြပြီသုံးပုံတစ်ပုံတောင်မကျန်တော့ဘူး အခုနေ နေတဲ့ဘုန်းကြီးကျောင်းမှာတော့ ၁၀၀လောက်ရှိတယ်”လို့ သူကပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့တွင်း စစ်ကောင်စီတပ်က ညတိုင်းနီးပါးလက်နက်ကြီးတွေနဲ့ပစ်ခတ်နေသလို ကြာအင်းဆိပ်ကြီးဆေးရုံ ၊ စာတိုက်နဲ့ အမှတ်(၆)ရပ်ကွက်တွေမှာစစ်ကောင်စီတပ်သားတွေ ကင်းပုန်းတပ်နေကြပြီး ဆေးရုံဝင်းကြီးအနီးတဝိုက်မှာလည်းမိုင်းထောင်ထားကာ မနက်၆နာရီကနေ နေ့လည်၃နာရီထိသာဆေးကုသခွင့်ရတယ်လို့ဒေသခံတစ်ဦးကဆိုပါတယ်။

“ညပိုင်းကြောက်ကြောက်ပြီးတော့ပစ်တာတော့ရှိတယ်ကင်းပုန်းဝပ်တယ်သူတို့မသင်္ကာ ရင်ပစ်တယ်မြို့ထဲမှာတော့ကင်းပုန်းဝပ်နေတယ် ဆေးရုံဝင်းပတ်ပတ်လည်ဆိုမိုင်းပါထောင် ထားတယ်ရပ်ကွက်၆ကဘိုတဲမှာလည်းတပ်စွဲထားတယ်တဲ့ ဆေးရုံမှာလူနာ တွေဆိုရင်လည်း မနက်၆နာရီလာ ၃နာရီဆို ဆင်းရတယ်”သူကပြောပါတယ်။

ဒီနေ့ နိုဝင်ဘာလ၂၈ရက်နေ့ မနက်ပိုင်းမှာပေါ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး Ooredooဖုန်းလိုင်းတွေသာအသုံးပြုလို့ရသလို စစ်ကောင်စီတပ်သားတွေကင်းလှည့်တဲ့ အချိန်မှာလည်း ကားပေါ်မှာ လက်နက်ကြီးတွေတပ်ဆင်ထားတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။

ကရင်ပြည်နယ်ထဲက ကော့ကရိတ်နဲ့ ကြားအင်းဆိပ်ကြီးမြို့ထဲကဒေသခံတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေနဲ့ မြို့တွင်းတိုက်ပွဲပြန်လည်ဖြစ်ပွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် မြို့တွင်းမနေရဲကြတော့ပဲ ဘေးလွတ်ရာအနီးအနားကျေးရွာတွေနဲ့ မြို့တွေပေါ်မှာထွက်ပြေးတမ်းရှောင်နေရတာဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar)