စစ်ကောင်စီတပ်က စုံစင်ဖျားရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦး သေဆုံး

မတ်လ ၅ ရက်နေ့၊ ၂၀၂၄ခုနှစ်

 

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့တယ်လို့ သရက်ချောင်းမြို့နယ်‌ ဒေသခံတွေဆီကနေ သိရပါတယ်။

မတ်လ ၄ရက်နေ့၊ ညနေ ၄နာရီခွဲလောက်မှာ အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ပျံသန်းလာတဲ့ Mi-2 ရဟတ်ယာဉ်နဲ့ စုံစင်ဖျားရွာ လမ်းမကြီးကို ဗုံးသီး ၁၂လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံက ဆိုပါတယ်။

“ ဝင်းဝဘက်မှာ တိုက်ပွဲဖြစ်နေတာလားတော့ မသိဘူး။ ပစ်သံတွေတော့ကြားတယ်။ သေချာတော့ မသိရဘူး။ ပြီးတာနဲ့ လေယာဉ်လာတာဘဲ့” လို့သူက အခုလိုပြောပါတယ်။

စစ်ကောင်စီတပ်လေယာဉ်က စုံစင်ဖျားရွာလမ်းမကြီးအပြင် ပြင်းဖြူသားရွာနဲ့ သဲချောင်းသာရွာတွေကိုလည်း ဗုံးသီးကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မြိတ်-ထားဝယ် အဝေးပြေးကားလမ်းမပေါ်မှာ ခရီးသည်တင်ကားတွေ ရပ်နားထားချိန် မန္တလာမင်းခရီးသည်တင်ကားကို ဗုံးစထိမှန်တာကြောင့် ကျွဲကူးရွာက ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံက ဆက်ပြောပါတယ်။

ဒါ့အပြင် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ဦး ဒဏ်ရာရှိခဲ့ပြီး တခြားထိခိုက်မှု အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

မတ်လ ၂ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိတ်လန့်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သေးတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- ဗုံးစထိမှန်တဲ့ ခရီးသည်တင်ကားနဲ့ ဒေသခံအမျိုးသမီး

Phar Si Than (People’s Radio Myanmar)