
မတ်လ ၄ရက်နေ့၊ ၂၀၂၄ခုနှစ်
ထားဝယ်မြို့နယ်၊ ရောင်းမော်ရွာမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်တွေဘက်က တပ်စိပ် တစ်စိပ်လုံးကျဆုံးခဲ့တယ်လို့ တော်လှန်ရေး ရဲဘော်တွေဆီကနေ သိရပါတယ်။
မတ်လ ၂ရက်နေ့၊ မနက် ၅နာရီ ၅၅မိနစ်လောက်မှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သား အင်အား ၁၂ယောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၂နာရီလောက်ကြာမှာတော့ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ တိုက်ခိုက်မှုအတွင်း ပါဝင်တဲ့ ရဲဘော်တစ်ဦးက ဆိုပါတယ်။
“ စစ်ဆေးရေးဂိတ်တော့ မဟုတ်ဘူးဗျ။ တစ်ရွာလုံးနီးပါးက ပျူစောထီးရွာ။ စကစတွေက ရောင်းမော်ရွာရဲ့ အဝင်ပေါက်ကို ကင်းစောင့်နေတဲ့ နေရာကို ဝင်ပစ်တာပါ” လို့သူက အခုလိုပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်တွေဘက်က ၁၁ဦး သေဆုံးနေတဲ့ အလောင်းတွေကို မျက်မြင်တွေ့ရှိခဲ့ပြီး အပြင်းအထန်ဒဏ်ရာရရှိသူတွေနဲ့ နောက်ထပ်သေဆုံးတဲ့သူတွေလည်း ရှိနိုင်သေးတယ်လို့ တိုက်ခိုက်မှုအတွင်း ပါဝင်တဲ့ ရဲဘော်က ဆက်ပြောပါတယ်။
“ ကျနော်တို့ သုတ်သင်နိုင်ခဲ့တာတော့ တပ်စိပ် တစ်စိပ်စာပေါ့။ အကုန်လုံး၁၁ယောက်ပါ။ ဒဏ်ရာရပြီး ထွက်ပြေးသွားတဲ့သူတွေလည်းရှိတယ်။ သေတဲ့အထဲမှာ ပျူတွေတော့ မပါဘူး”လို့ သူကပြောပြပါတယ်။
တိုက်ပွဲတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ထားဝယ်ခရိုင် တပ်ရင်း ၁က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး မနက်၁၀နာရီလောက်မှာတော့ စစ်ကောင်စီတပ်တွေဘက်က Mi-2ရဟတ်ယာဉ်နဲ့ ရောင်းမော်ရွာနဲ့ စော်ဖျားရွာကို ဗုံးသီး အလုံး ၄၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၁(T1)၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ (T5) နဲ့ ဥဩစစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
၂၀၂၄ခုနစ်အတွင်း ထားဝယ်ခရိုင်မှာ ကျောက်ထုစခန်းသိမ်းတိုက်ပွဲအပါအဝင် စစ်ရေးအရှိန်မြင့်လာပြီး တိုက်ပွဲအဖြစ်အများလာတာကြောင့် စစ်ကောင်စီတပ်တွေဘက်က ထိခိုက်ကျဆုံးတာတွေ ပိုမိုများပြားလာခဲ့တယ်လို့ တော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း
Phar Si Than (People’s Radio Myanmar)