
မတ်လ ၅ ရက်၊ ၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ၊ ချောင်းနှစ်ခွကျေးရွာဒေသခံပြည်သူတွေရဲ့ နေအိမ်တွေက ပစ္စည်းတွေကို စစ်ကောင်စီတပ်ဘက်မှ သယ်ယူကာ ပြန်လည်ရောင်းချတာမျိုးတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ချောင်းနှစ်ခွကျေးရွာနဲ့ တောင်ကလေးကျေးရွာအနီးတစ်ဝိုက်တပ်စွဲနေထိုင်နေကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ ချောင်းနှစ်ခွကျေးရွာအတွင်းကျန်ရှိနေတဲ့နေအိမ်တွေ ကအိမ်အသုံးအဆောင်ပစ္စည်းတစ်ချို့နဲ့ ဆိုလာပြားတွေကို ကားတွေနဲ့ နေ့တိုင်းနီးပါး သယ်ဆောင်ကာမယ်တရို၊ဖက်တေးကုန်းစတဲ့ အနီးအနားကျေးရွာတွေမှာ ဈေးပေါပေါနဲ့ ပြန်လည်ရောင်းချနေတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။
“ချောင်းနှစ်ခွကဟာတွေကို အခုထိပဲသယ်ထုတ်နေတယ် ဖက်တေးကုန်းမှာရောင်းသလောက် ရောင်းတယ်သူတို့ ယူသလောက်လည်းသူတို့ယူတယ် ဆိုလာပြားတွေနည်းနည်းမကောင်းတဲ့ ဟာတွေကိုပြန်ရောင်းတယ် ဈေးပေါပေါနဲ့ ပြန်ရောင်းတယ် သူတို့သယ်တဲ့ကားကျအမိုးဖွင့်ကားနဲ့သွားတယ် သွားပြီးအခါကျတော့ ပစ္စည်းတွေပြန်တက်လာတယ် ပတ်တူတွေနဲ့အုပ်ထားတယ်ပြီးတော့ တောင်ကလေးစခန်းဘက်ကို မြန်မြန်မောင်းထွက်သွားတယ်ကိုယ်မြင်ခဲ့တာကြီးပဲ ၃ခါ၊၄ခါ”လို့သူကပြောပါတယ်။
ချောင်းနှစ်ခွကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ တောင်ကလေး၊ ချောင်းနှစ်ခွ၊မယ်တရို၊ ဖက်တေးကုန်း၊ ကျောက်ကွဲရွာတေွရှိ ရွာအတွင်းနဲ့ ရာဘာခြံတွေမှာကျွင်းတူးကာ စစ်တပ်တွေ အများအပြားထပ်တိုးအထိုင်ချထားတာကြောင့် ဒေသခံတွေမှာစိုးရိမ်စိတ်နဲ့ နေနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒေသခံအမျိုးသမီးတစ်ဦးကတော့ “ ဒီတောင်ကလေးရဲစခန်းကနေစပြီးတော့ ချောင်းနှစ်ခွအထိကို အကုန်လုံးသူတို့ပဲ သွားရင် ကွမ်းလှဘူးတို့ မယ်တရို ဖက်တေးကုန်း ကျောက်ကွဲ၅အိမ်တစ်နေရာ၊ ၅အိမ်တစ်နေရာ တော်တော်များတယ် လူတေါထပ်ချထားတာသူတို့တွေရွာထဲနေကြတော့တစ်ချို့တွေကျ အိမ်ငှားနေ ၊အမျိုးအိမ်တွေမှာလည်းနေကြအဲ့လိုလိုက်နေကြတယ်”လို့ ဆိုပါတယ်။
နောက်ထပ်တောင်ကလေးကျေးရွာသားတစ်ဦးကလည်း “နေရာအသစ်တွေပါချထားတာ တိုက်ပွဲပြီးလည်း မြေတူးကားတွေနဲ့ပါတူးပြီးလုပ်နေတာ တောင်ကလေးနဲ့ ချောင်းနှစ်ခွကကြားမှာကြီးကြီးမားမားတောင်ကုန်းဆိုလို့ လှဘူးကုန်းပဲရှ်ိတယ်တောင်ကလေးရဲစခန်းအကျော် လမ်းတွေကလည်းကုန်းတို့ ရာဘာခြံတို့ရှိတယ် အဲ့မှာတွေ ကြွင်းတူးပြီးတော့နေတာ”လို့ဆိုပါတယ်။
အခုလက်ရှိအချိန် ချောင်းနှစ်ခွကျေးရွာနဲ့ တောင်ကလေးကျေးရွာအကြား စစ်ကောင်စီတပ်လက်အောက်ခံ တပ်မ ၂၂နဲ့ စကခ ၁၃ကဦးဆောင်ကာ တပ်စွဲနေထိုင်နေကြသလို ကျေးရွာအတွင်းကပစ္စည်းတွေကိုလည်း သယ်ယူရောင်းချနေပြီး အခုလက်ရှိအချိန် ဓားပြမှုတွေပါ ဖြစ်ပေါ်နေတယ်လို့ Lion Battalion Commando- ဗျူဟာစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုအညာသားကပြောပါတယ်။
ချောင်းနှစ်ခွကျေးရွာအတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ရက်နေ့ကနေစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သလို ဒေသခံ ၅၀၀၀ ဝန်းကျင်ဟာလည်း ကျေးရွာအတွင်းတပ်စွဲနေတာကြောင့် ၄လကျော်ကြာတဲ့အထိနေရပ်မပြန်နိုင်သေးပဲ စစ်ဘေးဆက်လက်တိမ်းရှောင်နေရကာ နေအိမ်အလုံး ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိပါတယ်။
သတင်း-ေနာ်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)