
ဧပြီလ ၂၉ရက် ၊၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ တောင်ငူ-သံတောင်လမ်းရှိ စစ်ကောင်စီတပ်စခန်းတွေကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သံတောင်မြို့မှာ ဧပြီလ အစပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာပါ။
ဧပြီလ ၂၈ ရက်နေ့ကလည်း တောင်ငူ-သံတောင်လမ်းပိုင်းက စစ်တပ်စခန်း၊ ဘုရင့်နောင်တပ်စခန်းနဲ့ လိပ်သိုလ်လမ်းရှိ စစ်တပ်စခန်းကနေ တပြေး၊သံမိုးတောင်၊ကျောက်တိုင်၊ ရေတာရှည်နဲ့ ပျားစခန်းကျေးရွာ တွေ ဘက်ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို အဆိုပါကျေးရွာအနီးတစ်ဝိုက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်တာမရှိဘူးလို့ဒေသခံတွေဆီက သိရပါတယ်။
“ ၂၀ ရက်နေ့နောက်ပိုင်းက တိုက်ပွဲဖြစ်တာမကြားရတော့ဘူး၊ စစ်တပ်ကနေဘဲ လက်နက်ကြီးတွေနဲ့ ပစ်ထုတ်နေတာ၊ မိုးလင်းကနေ မိုးချုပ်တဲ့အထိကို နားလိုက်ပစ်လိုက်နဲ့ဘဲ၊” လို့ ပျားစခန်းကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကလည်း တောင်ငူ-သံတောင်လမ်း (၇) မိုင်ရှိ စစ်တပ်စခန်းကနေ (၆၀) မမ၊ (၁၂၀) မမလက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် တပြေးရွာက ဒေသခံနေအိမ် ၅လုံးနီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ တပြေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ ရွာထဲကို လေးလုံးကျတာ၊ တစ်ချို့အိမ်တွေကတော့ အစ စင်တာလောက်ဘဲရှိပါတယ်၊ တစ်ချို့အိမ်တွေကျတော့လည်း လက်နက်ကြီးတည့်တည့်ကျပြီး ပျက်စီးသွားကြတယ်၊ ရွာထဲမှာတော့ လူမရှိတော့ ထိခိုက်တာမရှိဘူး၊” လို့ သူကပြောပါတယ်။
ဒါ့အပြင် ဧပြီလ ၁၇ ရက်နေ့နောက်ပိုင်းကစပြီး သံတောင်ကြီးမြို့အနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲဖြစ်ပွားတာမျိုးမရှိတော့ပေမဲ့ စစ်တပ် တပ်ချိန်းတဲ့ အချိန်နဲ့ လမ်းကင်းလှည့်တဲ့အချိန်မှာ တိုက်ခိုက်ခံရမှာ စိုးရိမ်တဲ့အတွက် အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်တာဖြစ်နိုင်တယ်လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ တိုက်ပွဲငြိမ်နေတာ ၁၀ ရက်ကျော်လောက်ရှိနေပြီ၊ စစ်တပ်ကတော့ တစ်ချိန်လုံးလက်နက်ကြီးနဲ့ ပစ်နေတာဘဲလေ၊ သူတို့တိုက်ခံရမှာကြောက်ပြီး ရွာတွေဘက်ကို ရမ်းပစ်တာမျိုးဘဲ၊” လို့ သူကပြောပါတယ်။
သံတောင်ကြီးမြို့နယ်ဘက်က ကျေးရွာတွေဘက်မှာ ဧပြီလ ၁ လအတွင်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၁၀ လုံးနီးပါး ပျက်စီးခဲ့တယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-ThandaungMupoe
Phar Si Than(People’s Radio Myanmar)