
မေလ ၁၇ရက်နေ့၊ ၂၀၂၄ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ကနက်သီရိရွာနဲ့ ဂုံညှင်းဆိပ်ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သားမိနှစ်ဦး ထိမှန်ဒဏ်ရာရရှိသွားသလို နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မေလ ၁၆ရက်နေ့၊ နေ့လည် ၁၂နာရီလောက်ကနေ စပြီး စစ်ကောင်စီတပ်တွေဘက်က Mi-2ရဟတ်ယာဉ်နဲ့ ကနက်သီရိရွာထဲကို ဗုံးသီး ၁၀လုံးကျော်နဲ့ ဂုံညှင်းဆိပ်ရွာထဲကို ဗုံးသီး ၄လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှုတွေကြောင့် ဂုံညှင်းဆိပ်ရွာက အသက် ၄၅နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်းဦးနဲ့ သားဖြစ်သူ အသက် ၁၅နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှခဲ့ပြီး နေအိမ်တစ်လံုး နဲ့ ဆေးခန်းတစ်ခုလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သရက်ချောင်းမြို့နယ်ဒေသခံက ပြောပြပါတယ်။
“ ဗုံးကနေ့တိုင်းလာကြဲတယ်။ သင်္ဘောကပစ်လိုက်၊ လေယာဉ်နဲ့ပစ်လိုက်နဲ့ ရွာကလူတွေလည်း ဘယ်ကိုပြေးလို့ပြေးရမယ်မှန်းမသိဘူး။ သားမိနှစ်ယောက် ဆေးခန်းနားက ရေတွင်းမှာ ရေသွားခပ်ရင်း ထိကြတာ” လို့သူက အခုလိုပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေက သရက်ချောင်းမြို့နယ်ရှိ ကတွဲကျေးရွာထဲကိုလည်း ဗုံးသီး ၄လုံး ကြဲချတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။
မေလ ၁၅ရက်နေ့၊ နေ့လည် ၁နာရီခွဲလောက်ကလည်း စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်နဲ့ ကနက်သီရိရွာကို ဗုံးသီးကြဲချသွားခဲ့တာကြောင့် နေအိမ်တွေထိခိုက် ပျက်စီးခဲ့တယ်လို့ ကနဦးသိရပေမယ့် မြေပြင်အနေအထားအရ အတည်မပြုနိုင်သေးဘူးလို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
မေလ ၁၄ရက်နေ့၊ မနက်ပိုင်းလောက်မှာ ကနက်သီရိရွာထဲ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေဘက်က ကြည်း၊ရေ၊လေကို အသုံးပြုတိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးရဲဘော်က ဆက်ပြောပါတယ်။
“ တိုက်ပွဲဖြစ်နေတာက ၃ရက်ရှိပြီ။ မနေ့က ပစ်ခတ်မှု ဖြစ်တာမရှိဘဲ လေယာဉ်လာတာ။ ရွာထဲက အိမ်တွေလည်း တော်တော်များများပျက်စီးသွားတယ်။ မြေပြင်မှာက ထိတွေ့မှုတွေဖြစ်နေလို့ အတည်မပြုနိုင်သေးဘူး” လို့သူက ပြောပြပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကနက်သီရိ၊ ရငဲ၊ ကမြိုင်၊ ဆီတော၊ ကတွဲ၊ ဂုံညှင်းဆိပ်၊ သဲလှမ်း၊ ပဲဒက်၊ ပဲဝ၊ တံခွန်တိုင်၊ အောက်သရက်ချောင်း၊ ပိတောက်ကြီး စတဲ့ရွာတွေက ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ်ကို မေလ ၅ရက်နေ့ကစပြီး လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့်မေလ ၈ရက်နေ့နဲ့ မေလ ၁၀ရက်နေ့ တိုက်ခိုက်မှုတွေမှာတော့ ကလေးငယ်နှစ်ဦးနဲ့ အမျိုးသား ၃ဦးတို့ အသက်သေဆုံးခဲ့ပါသေးတယ်။
သတင်း-နော်အယ်နီး
ပုံ- Mi-2 ရဟတ်ယာဉ်
Phar Si Than (People’s Radio Myanmar)