
နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဝင်းကြီးရပ်ကွက်ရှိ စစ်တပ်ဂိတ်နားမှာ ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လည် ၁နာရီခွဲလောက်က စစ်ကောင်စီတပ်လက်အောက်ခံ ခမရ (၉၇) ကနေ လက်နက်ကြီးနဲ့ ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးတစ်လုံးဟာ ဝင်းကြီးရပ်ကွက်၊ ဓမ္မာရာမဘုန်းကြီးကျောင်းနားမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားတွေ ထိခိုက်တာမရှိခဲ့ဘူးလို့ ဝင်းကြီးရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
” နာရီဝက်ခြား တစ်ခါပစ်တာ၊ တစ်ခါပစ်ရင် နှစ်လုံးတွဲ ပစ်တယ်၊ တောထဲက ငြိမ်နေတယ်၊ (၉၇) ကပစ်တာ၊ ဓမ္မာရာမဘုန်းကြီးကျောင်းကွင်းအနောက်က ရေကန်ထဲကို ကျတာ၊ အဲ့နားမှာက စစ်သားကင်းရှိတယ်၊ လူတော့မထိဘူး၊” လို့ ဝင်းကြီးရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီကျော်လောက်ကလည်း တောင်ကြာအင်း၊ရှမ်းကုန်းရွာ၊ကြာအင်းကုန်းနဲ့ ကွက်သစ်ဘက်တွေမှာလည်း စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သေးတယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။
“နေ့လည်ဘက်ပစ်ပြီးတော့ ငြိမ်သွားတယ်၊ ညက ၈နာရီကျော်မှ ပစ်တာ၊ ရှမ်းကုန်းဘက်နဲ့ တောင်ကြာအင်းဘက်တွေမှာလည်း ကျတယ်၊ မြို့သစ်ဘက်ခြမ်းမှာလည်းကျတယ်၊ လူတွေတော့ မထိဘူး၊ အိမ်အနားတွေမှာ ကျတာ၊” လို့သူကပြောပါတယ်။
ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အနီးနားကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံပြည်သူတွေ မကြာခဏ လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိတာတွေ၊ သေဆုံးတာတွေ ဖြစ်ပေါ်နေပါတယ်။
ကော့ကရိတ်မြို့မှာ နိုဝင်ဘာလ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ (၂)ဦးသေဆုံးကာ (၁၀) ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၀) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒူးပလာယာခရိုင်ရဲ့ သတင်းနဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-ပုံဟောင်း
Phar Si Than(People’s Radio Myanmar)