
နိုဝင်ဘာလ ၃၀ရက်၊ ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊တောင်ကလေးရဲစခန်းကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို KNLAပူးပေါင်းတပ်ဖွဲ့တွေကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က (၁၁)ဦး သေဆုံးခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOFကသတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၂၇ရက်နေ့မှာ တောင်ကလေးရဲစခန်းကနေ ချောင်းနှစ်ခွကိုစစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီတပ်လက်အောက်ခံBGFတပ်ဖွဲ့ဝင်တွေကို KNLAပူးပေါင်းတပ်ဖွဲ့တွေက ဖြတ်တောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က(၁၁)ဦး သေဆုံးခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOFမှတာဝန်ရှိသူကိုအောင်စံရှားက ပြောပါ တယ်။
“စကစနဲ့ နယ်ခြားစောင့်တပ်BGFပူးပေါင်းတဲ့စစ်ကြောင်းပေါ့နော်ထင်တာကတော့(၅၀) ကျော်ကျော်ရှိမယ်စစ်ကြောင်းနှစ်ကြောင်းလုံးကို KNLAနဲ့PDFပူးပေါင်းတပ်ဖွဲ့တွေ ချေမှုန်း လိုက်နိုင်တယ်အခုစစ်ကြောင်းဆိုလည်းတစ်ဝက်နီးပါးအထိခိုက်ကျဆုံးများစွာနဲ့သူတို့ပြန်ဆုတ်သွားခဲ့ရတယ်”လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က သေဆုံးသွားသူ(၁၁)ဦးထဲမှာဗိုလ်ကြီး(၁)ဦးနဲ့ နယ်ခြားစောင့်တပ်၊ တပ်နယ် (၄) ကစစ်ကြောင်းမှူးပါဝင်သလို (၄)ဦးမှာလည်း လက်နက်ချအညံ့ခံလာပြီး လက်နက်မျိုးစုံ (၁၅) လက်သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာရေးသားဖော် ပြထားပါတယ်။
တောင်ကလေးကျေးရွာအရှေ့ပိုင်းမှာလည်း စစ်ကောင်စီတပ်ကဝင်ရောက်နေထိုင်တာ ပစ္စည်းတွေကိုလည်း မွှေနှောက်ယူဆောင်တာတွေရှိတာကြောင့် ရွာနောက်ပိုင်းမှာသွား ရောက်ပြောင်းရွှေ့နေထိုင်နေကြသလို မွေးမြူရေးလုပ်ငန်းလုပ်ကိုင် သူတစ်ချို့သာ ကျန်တယ်လို့ကျေးရွာသားတစ်ဦးကဆိုပါတယ်။
“အလယ်ပိုင်းကလူတွေလည်ပြောင်တဲ့သူကတော့ပြောင်းပြီးမြို့တက်ကုန်ပြီ အရှေ့ပိုင်းအများစုကတော့မရှိတော့ဘူး အိမ်တွင်းမွေးမြူရေးလုပ်တဲ့လူတွေလောက်ပဲ ကျန်တာ တစ်အိမ်ဆိုတစ်ယောက်လောက်ပေါ့ အိမ်တိုင်းတော့မဟုတ်ဘူး”လို့ သူကပြောပါတယ်။
ဒါ့အပြင်စစ်ကောင်စီရဲ့ တောင်ကလေးရဲစခန်းကနေ ချောင်းနှစ်ခွကျေးရွာနဲ့ အနီးအနားကျေး ရွာတွေဘက်ကို (၁၂၀) မမလက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေတာဖြစ်တယ်လို့ အထူး စစ်ဆင်ရေးတပ်ဖွဲ့SOFမှတာဝန်ရှိသူကိုအောင်စံရှားကပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ရက်နေ့နဲ့ ၂၁ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်ကပစ်ခတ်ခဲ့တာကြောင့် အမျိုးသား(၂)ဦးသေဆုံးခဲ့သလို တောင်ကလေးရဲစခန်းကနေ ဖက်တေးကုန်းထိကို စစ်ကောင်စီတပ်ကလမ်းတွေလည်း ပိတ်ဆို့ထားတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေ ကဆိုပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – SOF
Phar Si Than (People’s Radio Myanmar)