ကျိုက်ဒုံမြို့မှာ စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက်လက်နက်ကြီးနဲ့ပစ်ခတ်နေ

ဖေဖော်ဝါရီလ ၇ ရက်၊၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးနယ်၊ ကျိုက်ဒုံမြို့မှာ စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက်လက် နက်ကြီးတွေနဲ့ ပစ်ခတ်နေကာဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဖေဖော်ဝါရီ၁ရက်နေ့မှာ စစ်ကောင်စီတပ်ကကျိုက်ဒုံမြို့အနီးရှိ မိတန်ကျေးရွာစာသင်ကျောင်း ဝန်းထဲကိုဂျက်ဖိုက်တာနဲ့ပေါင်၅၀၀ဗုံးသီး၃လုံးကြဲချခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ကျေးရွာအတွင်းကနေအိမ်တစ်ချို့ပျက်စီးခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ကျိုက်ဒုံမြို့ထဲနေရာတွေမှာ တပ်စွဲနေထိုင်နေကြတဲ့ စစ်ကောင်စီတပ်သားတွေက အနီးအနားကျေးရွာတွေဘက်ကိုဖေဖော်ဝါရီလ ၆ရက်နေ့ထိကို လက်နက်ကြီးနေတွေနဲ့ နေ့ရောညပါပစ်ခတ်နေသလို ရွာချင်းဆက်ကျေးရွာလမ်းတွေမှာလည်း သွားလာလို့မ ရဘူးလို့ ဒေသခံအမျိုး သမီးတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲတွေဖြစ်တာကတော့ကြာပြီလေယာဉ်တကက်လာတဲ့နေ့ကတော့၁ရက်နေ့ကပေါ့နော်မမနေ့ကအလုံးတွေကျတာအများကြီးပဲ နေ့ဘက်အလုံးကြီကျတာများရင် ညဘက်ဆိုလေယာဉ် ကြောက်ရပြီ သူတို့ကပစ်ချင်တဲ့အချိန်ထပစ်နေတာပဲနေရင်းထိုင်ရင်းအသံတွေကြားရတယ် ပစ်တာကတော့ကျိုက်ဒုံထဲကပဲ လမ်းတွေလည်းအကုန်ပိတ်ကုန်ပြီ”လို့သူကပြောပါတယ်။

ကျိုက်ဒုံမြို့မှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ၊စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ကျိုက်ဒုံမြို့အပါအဝင်မိတန်ရွာ၊ပူရေရွာ၊မိနန်းအပ်ရွာနဲ့အနီးအနားကျေးရွာကဒေသခံ၂၀၀၀၀ ဝန်းကျင်ဟာ နီးစပ်တောတောင်တွေ၊ကျေးရွာတွေ၊ဆွေမျိုးတွေရှိရာ ကြာအင်းဆိပ်ကြီးမြို့နဲ့မော်လမြိုင်မြို့မှာထွက်ပြေးတိမ်းရှောင်နေပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်၊ စောင်၊ ခြင်ထောင်နဲ့ အမျိုးသမီးတွေအတွက်လည်း တစ်ကိုယ်ရည်သုံးပစ္စည်းတွေလိုအပ်နေတယ်လို့ စစ်ရှောင်နေသူအမျိုးသမီးတစ်ဦးကဆိုပါတယ်။

“စစ်ဘေးရှောင်နေတာကတော့၁၃ရက်လောက်ရှိပြီလိုအပ်တာကတော့စောင်၊ခြင်ထောင်၊စားဝတ်နေရေးအတွက်လိုအပ်တယ် အမျိုးသမီးအတွက် တစ်ကိုယ်ရေးသုံးရောပေါ့ ရှောင်ရတာက တော့ ဘေးလွတ်ရာရွာတွေပေါ့ တောထဲမှာတွေရောတစ်ချို့အသိရှိတဲ့နေရာတွေရော အသီးသီးပါပဲ၊မိတန်၊မိနန်းအပ်၊ကျိုုက်ဒုံ၊ပူရေရွာသားတွေကစစ်ရှောင်နေရတယ်”လို့ဆိုပါတယ်။

ကျိုက်ဒုံမြို့နယ်အတွင်းအခုတိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သတ်ပြီး နယ်မြေခံတော်လှန်ရေးအင်အားစုတွေဘက်မှ ပြန်လည်ဖြေကြားတာမျိုးမရှိသေးပါဘူး။

ဇန်နဝါရီလ ၂၁ရက်နေ့ ည ၇နာရီ၅၀မိနစ်အချိန်တုန်းကလည်း ကျိုက်ဒုံမြို့အခြေစိုက် ဗျူဟာမှ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျိုက်ဒုံမြို့အနီးပိုးရေးကျေးရွာကအသက်၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးလက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်နိုဝင်ဘာလလောက်ကနေအခုနှစ်ဖေဖော်ဝါရီလအထိကို ကရင်ပြည်နယ်အတွင်းက ဒေသတွေတဲ့ မြဝတီ၊ ကော့ကရိတ်နဲ့ကြာအင်းဆိပ်ကြီးမြို့တွေမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားတာခဲ့တာကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှု တွေရှိခဲ့တယ်လို့ ဒေသတွင်းအရင်းအမြစ်တွေရဲ့ပြောစကားအရ သိရပါတယ်။

 

သတင်း – နော်ဖူးဖူး

ပုံ – ဒူပလယ်ယာခရိုင် သတင်းနှင့်ပြန်ကြားရေး

Phar Si Than (People’s Radio Myanmar)